ကမ္ဘာ့အဆင့်-၂ နေရာကို ကျဆင်းသွားခဲ့ရသလို ၂၀၂၄ နှစ်ကုန်ပိုင်းမှာ တားမြစ်ဆေးပြဿနာကြောင့် တစ်လပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပေမဲ့ လာမယ့် ဩစတြေးလျအိုးပင်းပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်က ပြောကြားလိုက်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဆွီယာတက်ခ်ဟာ ဩစတြေးလျအိုးပင်းမှာ အောင်မြင်မှုရယူပြီး အမျိုးသမီးတင်းနစ်လောကကို နောက်တစ်ကြိမ် ထပ်မံကြီးစိုးနိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပသွားခဲ့တဲ့ ယူနိုက်တက်ဖလား အသင်းလိုက်တင်းနစ်ပြိုင်ပွဲမှာ ဆွီယာတက်ခ်ဟာ ပိုလန်အသင်းကို ဗိုလ်လုပွဲအထိရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပေမဲ့ ကိုကိုဂတ်ဖ် ဦးဆောင်တဲ့ အမေရိကန်အသင်းကို ဗိုလ်လုပွဲမှာ အရှုံးပေးခဲ့ရပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ဂရင်းစလမ် ချန်ပီယံဆုကို ၅ ကြိမ်ရထားတဲ့ ဆွီယာတက်ခ်ဟာ ဩစတြေးလျအိုးပင်းပြိုင်ပွဲမှာတော့ ၂၀၂၂ ခုနှစ်တုန်းက ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့မှုက အမြင့်ဆုံးရောက်ရှိမှု ဖြစ်ခဲ့တာပါ။ ဆွီယာတက်ခ်ဟာ တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၂ ရက်နေ့ကနေ အောက်တိုဘာ ၄ ရက်နေ့အထိ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံထားရပြီး အဲဒီကာလအတွင်း ယှဉ်ပြိုင်တဲ့ WTA တိုး ပွဲစဉ် ၃ ခုကို လွဲချော်ခဲ့ရပါတယ်။