ဩစတြေးလျ အိုလံပစ်အသင်းရဲ့ ဟော်ကီလက်ရွေးစင် တွမ် ခရိတ်ကို ကိုကင်းဝယ်ယူမှုနဲ့ ဩဂုတ်လ ၇ ရက်နေ့က ပဲရစ်မြို့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဩစတြေးလျအိုလံပစ် ဟော်ကီအသင်းရဲ့ ကစားသမားတစ်ယောက် ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ အစောပိုင်းမှာ ဩစတြေးလျ အိုလံပစ် ကော်မတီက အတည်ပြုခဲ့ပေမယ့် ကစားသမားအမည်ကို မဖော်ပြခဲ့ပါဘူး။
ပြင်သစ်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဖမ်းဆီးခံရသူက ခရိတ်ဖြစ်တယ်လို့ ထွက်ပေါ်လာခဲ့တာပါ။
ဩစတြေးလျဟော်ကီအသင်းအတွက် ပွဲပေါင်း ၁၀၀ ကျော် ကစားပေးထားတဲ့ ခရိတ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်က ကျင်းပခဲ့တဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာလည်း ငွေတံဆိပ် ရရှိထားခဲ့သူ ဖြစ်ပါတယ်။
ဩစတြေးလျ အမျိုးသားဟော်ကီအသင်းဟာ အခုကျင်းပနေတဲ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲ မှာတော့ ကွာတားဖိုင်နယ်အဆင့်မှာပဲ နယ်သာလန်အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ ပဲရစ် မြို့ရဲ့ အဆောက်အဦတစ်ခုအောက်မှာ ကိုကင်းအရောင်းအဝယ်လုပ်နေမှုကို ရဲတပ်ဖွဲ့ဝင်တွေ တွေ့ရှိခဲ့ပြီးနောက် ရောင်းသူနဲ့ ဝယ်သူကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ ပြင်သစ်အစိုးရရှေ့နေရုံးရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဩစတြေးလျ အိုလံပစ်ကော်မတီဘက်ကတော့ ခရိတ်ရဲ့အမှုနဲ့ ပတ်သက်လို့ လက်ရှိအချိန်အထိ မှတ်ချက်ပေး တာမျိုး မရှိသေးသလို ဘယ်လိုအရေးယူမှုတွေ လုပ်မယ်ဆိုတာကိုလည်း မကြေညာသေးပါဘူး။