မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့မှာ ၇၇ နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် တာဝေးစက်ဘီးစီး Road Bike ပြိုင်ပွဲနဲ့ Mountain Bike ပြိုင်ပွဲကို ဇန်နဝါရီ ၃ ရက် မနက် ၆ နာရီက ကျင်းပခဲ့တယ်လို့ ပြိုင်ပွဲကျင်းပရေး ကော်မတီကနေ သိရပါတယ်။ Mountain Bike ပြိုင်ပွဲကိုတော့ အခုနှစ်မှာမှ ပထမဆုံးအကြိမ် ကျင်းပတာဖြစ် တယ်လို့ ဆိုပါတယ်။

တာဝေးစက်ဘီးစီးပြိုင်ပွဲ Road Bike ပြိုင်ပွဲဟာ အောင်လံမြို့ကနေ ကျော်စွာဓာတ်မြေသြဇာ စက်ရုံလမ်းပေါက် အထိ အသွားအပြန် ၅၄ မိုင် ယှဉ်ပြိုင်ရတာဖြစ်ပြီး ပြိုင်ပွဲဝင် ၁၉ ယောက် ဝင်ရောက်ယှဥ်ပြိုင်တယ်လို့ သိရပါ တယ်။ ပထမအကြိမ် Mountain bike ပြိုင်ပွဲမှာတော့ အောင်လံမြို့ကနေ ပြလို့မြို့အထိ အသွားအပြန် ၃၂ မိုင် ယှဉ်ပြိုင်ရတာဖြစ်ပြီး ပြိုင်ပွဲဝင် အယောက် ၃၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။အခုပြိုင်ပွဲမှာ အသက်အကြီးဆုံးပြိုင်ပွဲဝင်အဖြစ် သရက်မြို့က အသက် ၇၀ အရွယ် သက်ကြီးအမျိုးသား တစ်ယောက် တာဝေးစက်ဘီးစီး Road Bike ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာကို တွေ့ရပါတယ်။

အခုကျင်းပတဲ့ စက်ဘီးပြိုင်ပွဲအမျိုးအစားနှစ်ခုစလုံးမှာ ပထမဆုကျပ် ၇ သိန်း၊ ဒုတိယဆုကျပ် ၅ သိန်း၊ တတိယဆု ကျပ် ၄ သိန်း၊ စတုတ္ထဆုကျပ်၃သိန်း၊ ပဥ္စမဆုကျပ်၂ သိန်း၊ ဆဋ္ဌမဆုကျပ် တစ်သိန်း၊ နှစ်သိမ့်ဆု ၁၀ ဆုကို တစ်ဆုကို ကျပ်ငါးသောင်းနှုန်းနဲ့ ချီးမြှင့်ခဲ့ပြီး အမှတ်တရလက်ဆောင်တွေလည်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။