လက်ဝှေ့ပရိသတ်တွေ ကာလရှည် စောင့်မျှော်နေခဲ့ကြတဲ့ ဗြိတိန်နိုင်ငံသား အူဘန့်ခ် ဂျူနီယာနဲ့ ကော်နာဘန်းတို့ရဲ့ ထိုးသတ်ပွဲကို လာမယ့် ဧပြီလထဲမှာ ကျင်းပသွားမှာဖြစ်တယ်လို့ ပွဲစီစဉ်သူ အက်ဒီဟန်းက အတည်ပြုခဲ့ပါတယ်။ ဧပြီလ ၂၆ ရက်မှာ ထိုးသတ်မယ့် ဗြိတိန်နိုင်ငံသားနှစ်ယောက်ရဲ့ပွဲကို လန်ဒန်မှာရှိတဲ့ တော်တင်ဟမ်ဟော့စပါး ကွင်းကြီးမှာ ကျင်းပဖွယ်ရှိနေတယ်လို့ သိရပါတယ်။
အူဘန့်ခ်ဂျူနီယာနဲ့ ကော်နာဘန်းတို့ပွဲကို ၂၀၂၂ အောက်တို ဘာတုန်းက ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် ကော်နာဘန်း ဆေစစ်မှုကျခဲ့လို့ ၂ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာ ကြောင့် ပွဲကို ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ ကော်နာဘန်းရဲ့ပွဲပယ်ပြစ်ဒဏ်က ၂၀၂၄ နိုဝင်ဘာမှာ ပြည့်ခဲ့ပြီဖြစ်လို့ ပွဲထိုးသတ်ဖို့ ဆွေးနွေးခဲ့ရာမှာ လာမယ့် ဧပြီလအတွင်း ထိုးသတ်ဖို့ သဘောတူညီမှု ရခဲ့ကြတာဖြစ်ပါတယ်။
ကော်နာဘန်းကလည်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ပွဲစီစဉ်သူတွေနဲ့အတူ စာချုပ်လက်မှတ်ထိုးနေတဲ့ပုံကို တင်ခဲ့ပြီး ကြိုးဝိုင်းထဲပြန်ဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ရေးသားထားပါတယ်။ ပွဲစီစဉ်သူ အက်ဒီဟန်း ကလည်း အူဘန့်ခ်နဲ့ ကော်နာဘန်းတို့ပွဲစဉ်က ဗြိတိန်လက်ဝှေ့လောကရဲ့ အကြီးမားဆုံးပွဲတစ်ပွဲဖြစ်လာနိုင်ပါတယ်လို့ ပြောကြားထား ပါတယ်။ အသက် ၂၈ နှစ်အရွယ် ကော်နာဘန်းနဲ့ထိုးသတ်မယ့်ပွဲမှာ အသက် ၃၅ နှစ်အရွယ် အူဘန့်ခ် ဂျူနီယာက အနိုင်ရဖို့အတွက် ပိုပြီး ရေပန်းစားနေပါတယ်။