ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ စတုဂတ်အသင်းကနေ ခေါ်ယူဖို့အတွက် သဘောတူညီမှုရခဲ့တဲ့ ဂျပန် လက်ရွေးစင်နောက်ခံလူ အီတိုကို ဇူလိုင်လ(၁၆)ရက်နေ့က ပရိသတ်တွေနဲ့ တရားဝင်မိတ်ဆက်ပေးသွားခဲ့ပါတယ်။
အီတိုဟာ အခုအချိန်မှာ အသက်(၂၅)နှစ်အရွယ်သာ ရှိသေးသလို စတုဂတ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့အတွက် ဆုံးဖြတ်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်လို ဂျာမနီရဲ့ထိပ်တန်းအသင်းကြီး တစ်သင်းကို ပြောင်းရွှေ့နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိသလို အသင်းနဲ့အတူ ဆုဖလားတွေရဖို့ လုပ်ဆောင်သွားမယ်လို့ အီတိုက ပြောပါတယ်။ အသက်(၂၅)နှစ်အရွယ် အီတိုဟာ နောက်တန်းရဲ့နေရာစုံမှာ ကစားနိုင်စွမ်းရှိတဲ့ ကစား သမားကောင်းတစ်ယောက်ဖြစ်သလို အသင်းအတွက် အရေးပါတဲ့သူ ဖြစ်လာလိမ့်မယ်လို့ ဘိုင်ယန်မြူးနစ်အသင်း ကလည်း ချီးကျူးခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ယူရို(၂၃)သန်းကို အီတိုရဲ့ပြောင်းရွှေ့ကြေးအဖြစ် စတုဂတ်အသင်းကို ပေးချေခဲ့ရပြီး (၂၀၂၈)ခုနှစ်အထိ သက်တမ်းရှိတဲ့ (၄)နှစ်စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အီတိုဟာ ပြီးခဲ့တဲ့ဇွန်လက မြန်မာနိုင်ငံမှာကစားခဲ့တဲ့ မြန်မာအသင်းကို (၅)ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဂျပန်အသင်းအတွက် ပွဲချိန်ပြည့် ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။