လာမယ့် ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ဝတ်ဆင်သွားမယ့် အသင်းလိုက်ဝတ်စုံသစ်ကို ယူကရိန်းအိုလံပစ်ကော်မတီက ဇွန်လ ၂၅ ရက်နေ့မှာ မိတ်ဆက်ပြသခဲ့ပါတယ်။
ယူကရိန်းနိုင်ငံ ကိဗ်မြို့မှာ ပြုလုပ်တဲ့ ဝတ်စုံမိတ်ဆက်ပွဲမှာ တိုကျို အိုလံပစ်တုန်းက ယူကရိန်းအတွက် ကြေးတံဆိပ်ရယူပေးခဲ့တဲ့ ဂျူဒိုအားကစားမယ် ဒါရီယာနဲ့ ကနူး လှေလှော် ကစားသမား ဒါနီလန်ကိုတို့အပါအဝင် ယူကရိန်းအိုလံပစ်အသင်းသားတွေက ဝတ်စုံကိုဝတ်ဆင် ပြသခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းအိုလံပစ်အသင်းအတွက် ဝတ်စုံကို အားကစားဝတ်စုံတွေကို ထုတ်လုပ်တဲ့ 4F ကုမ္ပဏီက တာဝန်ယူထုတ်လုပ်ပေးခဲ့တာဖြစ်ပြီး ကစားသမားတွေ သက်သောင့်သက်သာရှိစေဖို့အတွက် အဆင့်မြင့် နည်းပညာတွေကို အသုံးပြု ထုတ်လုပ်ထားတာဖြစ်တယ်လို့ ယူကရိန်းအိုလံပစ်ကော်မတီ ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။
ယူကရိန်းအိုလံပစ်အသင်းမှာ ပါဝင်တဲ့ ဂျူဒိုအားကစားမယ် ဒါရီယာကလည်း လာမယ့် အိုလံပစ်ပြိုင်ပွဲမှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ဖို့အတွက် သေချာလေ့ကျင့်ပြင်ဆင်ထားတယ်လို့ ဝတ်စုံမိတ်ဆက်ပွဲ အပြီးမှာ ပြောခဲ့ပါတယ်။ ယူကရိန်းအိုလံပစ်အသင်းဟာ ပြီးခဲ့တဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်(၁)ခု ငွေတံဆိပ်(၆)ခုနဲ့ ကြေးတံဆိပ်(၁၂)ခု ရရှိထားတာဖြစ်ပါတယ်။