(၂၀၂၄)ပဲရစ်အိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပွဲစဉ်မှာ အိမ်ရှင်ပြင်သစ်အသင်းက ဗိုလ်လုပွဲစဉ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ပြင်သစ်အသင်းဟာ အီဂျစ်အသင်းနဲ့ကစားခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပွဲချိန်အတွင်း တစ်ဖက်(၁)ဂိုးစီ သရေကျခဲ့ပေမယ့် မိနစ်(၃၀)အချိန်ပိုမှာ သွင်းယူခဲ့တဲ့ဂိုးတွေကြောင့် (၃)ဂိုး၊ (၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်တက်နိုင်ခဲ့တာပါ။
အီဂျစ်အသင်းဟာ ပွဲချိန်(၆၂)မိနစ်မှာ ဦးဆောင်ဂိုးရခဲ့ပေမယ့်လည်း ပွဲပြီးခါနီး ပွဲချိန်(၈၃)မိနစ်မှာ ပြင်သစ်တိုက်စစ်မှူး မာတီတာက နောက်ကျချေပဂိုး သွင်းယူပေးခဲ့ပါတယ်။
ပွဲကစားချိန်မိနစ် (၉၀)အတွင်း သရေကျခဲ့တဲ့အတွက် အချိန်ပိုမိနစ်(၃၀)ကစားခဲ့ရပြီး အီဂျစ်အသင်းက ပွဲကစားချိန်(၉၂)မိနစ်မှာ အနီကတ်ပြခံခဲ့ရတာကြောင့် ပြင်သစ်အသင်းက အသာရခဲ့ပါတယ်။
ပြင်သစ်အသင်းအတွက် နောက်ထပ်သွင်းဂိုးတွေကိုတော့ ပွဲချိန်(၉၉)မိနစ်မှာ မာတီတာ၊ ပွဲချိန်(၁၀၈)မိနစ်မှာ အိုလစ်ဆီတို့က သွင်းယူပေးခဲ့ကြပါတယ်။
(၂၀၂၄) ပဲရစ်အိုလံပစ်ပြိုင်ပွဲရဲ့ အိမ်ရှင်ဖြစ်တဲ့ ပြင်သစ်အသင်းဟာ အခုပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီး စပိန်အသင်းနဲ့ ဩဂုတ်လ(၉)ရက်နေ့မှာ ကစားသွားရမှာဖြစ်ပါတယ်။