၂၀၂၄ ပဲရစ်အိုလံပစ် အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့ပြီးနောက် ဆားဘီးယား နိုင်ငံသား ဂျိုကိုဗစ်ရဲ့ ချန်ပီယံဆုအိပ်မက်က ပြီးပြည့်စုံသွားခဲ့ပြီ ဖြစ်ပါတယ်။
ဩဂုတ်လ ၄ ရက်နေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲ မှာ ဂျိုကိုဗစ်နဲ့ စပိန်တင်းနစ်သမား အယ်ကာရက်ဇ်တို့ ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။ အယ်ကာရက်ဇ်ဟာ ပြီးခဲ့တဲ့ ဇွန်လကမှ အခုကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ပြင်သစ်အိုးပင်းဗိုလ်လုပွဲမှာ ချန်ပီယံဆုကို ရယူထားနိုင်ခဲ့တာဖြစ်ပေမယ့် အခုပွဲစဉ်မှာတော့ ဂျိုကိုဗစ်ကို အသာစီးရဖို့ ရုန်းကန်ခဲ့ရပါတယ်။
ဗိုလ်လုပွဲစဉ်က အကြိတ်အနယ်ရှိခဲ့တာဖြစ်ပြီး အပြန်အလှန်ရမှတ်တွေ ရယူနိုင်ခဲ့တာကြောင့် ပွဲလတ် ၂ ပွဲစလုံးမှာ Tie Brake (တိုင်းဘရိတ်) အထိ ရောက်ခဲ့တာ ကိုလည်း တွေ့ခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ ဂျိုကိုဗစ်က (၇း၆၊ ၇း၆) ဆိုတဲ့ရလဒ်နဲ့ အနိုင်ရသွားခဲ့ပြီး ကစားသမားဘဝ ပထမဆုံး အိုလံပစ်ရွှေတံဆိပ်ဆုကို ရရှိသွားခဲ့ပါတယ်။
အခုပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရခဲ့တာကြောင့် ဂျိုကိုဗစ် ဟာ ဂရင်းစလမ်းတစ်ဦးချင်းပြိုင်ပွဲ ၄ ခုရဲ့ ချန်ပီယံဆုနဲ့ အိုလံပစ်ရွှေတံဆိပ်ဆုတွေကို ရယူနိုင်ခဲ့တဲ့ ၅ ယောက် မြောက် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့တာက သူ့ရဲ့ ကစား သမားဘဝ အကြီးမားဆုံး အောင်မြင်မှုတစ်ခုဖြစ်တယ်လို့လည်း အသက် ၃၇ နှစ်အရွယ် ဂျိုကိုဗစ်က ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။