ကင်ညာမာရသွန်အားကစားသမား ကစ်ချိုဂီဟာ အိုလံပစ်ပြိုင်ပွဲသမိုင်းမှာ မာရသွန်ရွှေတံဆိပ်ဆုကို ၃ ကြိမ်ရယူ နိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာဖို့ ရည်မှန်းထားတယ်လို့ ဇူလိုင်လ ၂၅ ရက်နေ့က ပြောကြားလိုက်ပါတယ်။
လာမယ့် ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ အိုလံပစ်ပြိုင်ပွဲကို ၅ ကြိမ်မြောက်ဝင်ပြိုင်နိုင်တဲ့ ပထမဆုံး ကင်ညာကစားသမားအဖြစ် မှတ်တမ်းဝင်တော့မယ့် ကစ်ချိုဂီဟာ ၂၀၁၆ နဲ့ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲရဲ့ မာရသွန်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆုကို ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကစ်ချိုဂီဟာ သူ့ရဲ့ကစားသမားဘဝမှာ ပထမဆုံး ရွှေတံဆိပ်ဆုကို ၂၀၀၃ ခုနှစ်တုန်းက ပဲရစ်မြို့မှာ ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ချန်ပီယံရှစ် မီတာ ၅၀၀၀ ပြေးပွဲမှာ ရရှိထားခဲ့ဖူးတာဖြစ်လို့ ပဲရစ်မြေ က သူရဲ့ အောင်မြင်မှုတွေ စတင်ခဲ့ရာနေရာလို့ ပြောလို့ရပါတယ်။

ကစားသမားဘဝ ပထမဆုံး ရွှေတံဆိပ်ဆု ရခဲ့ဖူတဲ့နေရာမှာ ပြန်လည်ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် စိတ်လှုပ်ရှားမိသလို စံချိန်မှတ်တမ်းသစ်တွေကိုလည်း ရေးထိုးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ အသက် ၃၉ နှစ်အရွယ် ကစ်ချိုဂီက ပြောသွားခဲ့ပါတယ်။
ကစ်ချိုဂီအတွက် ပဲရစ်မြို့က သူ့ရဲ့အောင်မြေလို့ဆိုပေမဲ့ အခုယှဉ်ပြိုင်ရမဲ့ မာရသွန်ပြိုင်ပွဲကတော့ သူ့ရဲ့ကစားသမားဘဝ ပထမဆုံးအကြိမ် ဖြစ်တာကြောင့် အခုအိုလံပစ်ပြိုင်ပွဲက အမှတ်တရတွေ အများကြီးရှိလာလိမ့်မယ်လို့လည်း ကစ်ချိုဂီက ပြောကြားသွားခဲ့ပါတယ်။