၂၀၂၄ ပဲရစ်အိုလံပစ် ရေလွှာလှိုင်းစီးပြိုင်ပွဲရဲ့ အမျိုးသားနဲ့ အမျိုးသမီး ဗိုလ်လုပွဲတွေကို ဩဂုတ်လ ၅ ရက်နေ့က တဟီတီကျွန်းမှာ ကျင်းပခဲ့ပါတယ်။
အမျိုးသားဗိုလ်လုပွဲအဖြစ် အိမ်ရှင်ပြင်သစ်နိုင်ငံသား ကော်လီဗက်စ်နဲ့ ဩစတြေးလျနိုင်ငံသား ရော်ဘင်ဆင်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် ကော်လီဗက်စ်ဟာ ပဲရစ်အိုလံပစ်ရေလွှာလှိုင်းစီးပြိုင်ပွဲ ကျင်းပမယ့် တီဟူပိုကျေးရွာမှာ ကြီးပြင်းလာခဲ့သူဖြစ်လို့ အခုဗိုလ်လုပွဲမှာ အားသာချက်တွေ ရှိခဲ့ပါတယ်။
ပထမအကြိမ် ယှဉ်ပြိုင်အပြီးမှာပဲ ဗက်စ်ဟာ အကောင်းဆုံး စွမ်းဆောင်ရည်နဲ့အတူ ရမှတ် ၉ ဒသမ ၅ မှတ်အထိ ရခဲ့တာပါ။

ရော်ဘင်ဆင်ကတော့ ပထမအကြိမ် ယှဉ်ပြိုင်မှုမှာ ရမှတ် ၇ ဒသမ ၈၃ မှတ်သာ ရခဲ့တာဖြစ်ပြီး နောက်ထပ်ယှဉ်ပြိုင်မှုတွေမှာ ဗက်စ်ကို လိုက်မီဖို့အတွက် ခက်ခဲသွားခဲ့ရတာဖြစ်ပါတယ်။
ဗိုလ်လုပွဲယှဉ်ပြိုင်အပြီးမှာ ဗက်စ်က ရမှတ်ပေါင်း ၁၇ ဒသမ ၆၇ မှတ်အထိရခဲ့ပြီး အိုလံပစ်ရွှေဆု ကို ရယူသွားနိုင်ခဲ့ပါတယ်။
အမျိုးသမီးဗိုလ်လုပွဲမှာတော့ အမေရိကန်နိုင်ငံသူ ကာရိုလိုင်းမာ့ခ်က ဘရာဇီးနိုင်ငံသူ တာတီယာနာကို အနိုင်ယူပြီး ရွှေတံဆိပ် ရယူသွားခဲ့ပါတယ်။
မာ့ခ်က ရမှတ်ပေါင်း ၁၀ ဒသမ ၅၀ မှတ်ရခဲ့ပြီး တာတီယာနာကတော့ ရမှတ် ၁၀ ဒသမ ၃၃ မှတ်နဲ့ ဒုတိယသာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံသူ ဒီဖေးက တတိယ ကြေးတံဆိပ်ကို ရရှိသွားခဲ့တယ်လို့ သိရပါတယ်။