အိုလံပစ်ပြိုင်ပွဲကို ဩဂုတ်လ ၆ ရက်နေ့က ဆက်လက်ကျင်းပခဲ့ရာ အမျိုးသားမီတာ ၁၅၀၀ ပြေးပွဲမှာ အမေရိကန် နိုင်ငံသား ကိုးလ်ဟော့ကာက အိုလံပစ်စံချိန်သစ်နဲ့အတူ ရွှေတံဆိပ်ဆုကို ရရှိသွားခဲ့ပါတယ်။ အခုပွဲစဉ်မှာ နော်ဝေနိုင်ငံသား အင်ဂီဘရစ်ဆန်နဲ့ ဗြိတိန်နိုင်ငံသား ဂျို့စ်ကားတို့က အနိုင်ရဖို့ ရေပန်းစားခဲ့ပေမယ့် ဟော့ကာက အကောင်းဆုံးစွမ်းဆောင်ရည်နဲ့အတူ ထိပ်ဆုံးကနေ ပန်းဝင်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပဲရစ်မြို့က စတိတ်ဒီဖရန့် ကွင်းထဲမှာ ကျင်းပခဲ့တဲ့ မီတာ ၁၅၀၀ ပြေးပွဲမှာ ဟော့ကာက ဇွဲကောင်းမှု၊ နည်းဗျူဟာ ကျွမ်းကျင်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေကို ပြသနိုင်ခဲ့ပြီး ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
အခုပွဲစဉ်မှာ သူပြေးသွားခဲ့တဲ့ ၃ မိနစ် ၂၇ ဒသမ ၆၅ စက္ကန့်က အိုလံပစ် မီတာ ၁၅၀၀ စံချိန်သစ်ဖြစ်ခဲ့သလို ကမ္ဘာ့စံချိန်ထက်လည်း ၁ စက္ကန့်လောက်သာ ကွာဟခဲ့တာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံသား ဂျို့စ်ကားက ဒုတိယ ငွေတံဆိပ်ရခဲ့ပြီး အမေရိကန်နိုင်ငံသား နူဂူဆီက တတိယကြေးတံဆိပ်ဆုကို ရရှိသွားခဲ့ပါတယ်။ အခုပွဲစဉ်မှာ အနိုင်ရဖို့ ထိပ်ဆုံးကရေပန်းစားခဲ့တဲ့ အင်ဂီဘရစ်ဆန် ကတော့ ပြီးခဲ့တဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲက အချိန်ထက် ပိုမြန်အောင်ပြေးနိုင်ခဲ့ပေမယ့် စတုတ္ထနေရာသာ ရပ်တည် နိုင်ခဲ့ပါတယ်။