အင်တာမိုင်ယာမီအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက လာမယ့်ပြင်သစ်အိုလံပစ်ပြိုင်ပွဲမှာ အာဂျင် တီးနားအသင်းအတွက် ကစားပေးသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။
မက်ဆီဟာ အခုနောက်ပိုင်းပွဲစဉ်တွေမှာ ဒဏ်ရာပြဿနာတချို့ကြုံတွေ့နေရသလို သူ့ရဲ့အသက်အရွယ်ကြောင့်လည်း ပြိုင်ပွဲတိုင်းကို ဝင်ကစားဖို့ အဆင် မပြေတာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာပါ။

အာဂျင်တီးနားအသင်းနဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲကစားရဖို့ ရှိသလို အိုလံပစ်ပြိုင်ပွဲကလည်း ဆက်တိုက်ကစားရမှာဖြစ်တာကြောင့် ပြိုင်ပွဲ(၂)ခုလုံးမှာ ကစားဖို့ဆိုတာက မလွယ်ကူဘူးလို့ မက်ဆီကပြောပါတယ်။
အိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လက်ရွေးစင်အသင်းတွေဟာ အသက်(၂၃)နှစ်ကျော် ကစားသမား(၃)ယောက်ကို ခေါ်ယူခွင့်ပြုထားတာကြောင့် မက်ဆီပါဝင်လာဖို့အတွက် ပရိသတ်တွေက မျှော်လင့်နေခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ (၂၀၂၂)ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ကို ကမ္ဘာ့ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို (၂၀၀၈)အိုလံပစ် ပြိုင်ပွဲမှာလည်း ပါဝင်ခဲ့ဖူးတာကြောင့် အာဂျင်တီးနား အိုလံပစ်အသင်းနည်းပြ မာရှေယာနိုက လာမယ့်အိုလံပစ်ပြိုင်ပွဲမှာ မက်ဆီ ပါဝင်လာဖို့အတွက် အလိုရှိနေတာဖြစ်ပေမယ့်လည်း မက်ဆီကတော့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။