ဆွီဒင် တုတ်ထောက်ခုန် ကစားသမား ဒူပလန်တစ်ဟာ ဩဂုတ်လ ၅ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ အိုလံပစ် တုတ်ထောက်ခုန်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်သစ်နဲ့အတူ ရွှေတံဆိပ်ဆုကို ရရှိသွားခဲ့ပါတယ်။
ဒူပလန်တစ်ဟာ အခု အိုလံပစ်ပြိုင်ပွဲမှာ ရေပန်းစားတဲ့ ကစားသမားဖြစ်သလို ပရိသတ်တွေရဲ့အားပေးမှုကိုလည်း အခိုင်အမာရထားတဲ့ ကစားသမား ဖြစ်ပါတယ်။
ဒူပလန်တစ်ဟာ ၆ ဒသမ ၂၅ မီတာအမြင့်အထိ ခုန်ပြခဲ့ပြီး အိုလံပစ်ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ ဧပြီလက သူကိုယ်တိုင်တင်ထားခဲ့တဲ့ ၆ ဒသမ ၂၄ မီတာ ကမ္ဘာ့စံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်ကို တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အမျိုးသားတုတ်ထောက်ခုန် ပြိုင်ပွဲမှာ အမေရိကန်နိုင်ငံသား ကန်ဒရစ်ခ်က ဒုတိယငွေတံဆိပ်ဆုရခဲ့သလို ဂရိနိုင်ငံသား ကာရာလစ်က တတိယကြေးတံဆိပ်ဆုကို ရရှိသွားခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ ဒူပလန်တစ်ဟာ တုတ်ထောက်ခုန်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်ရှင် ဖြစ်သလို အိုလံပစ်ချန်ပီယံဆု ၂ ကြိမ်၊ ကမ္ဘာ့ချန်ပီယံဆု ၂ ကြိမ်အပါအဝင် အောင်မြင်မှုတွေ ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒူပလန်တစ်ရဲ့ ကမ္ဘာ့စံချိန်သစ်တင်နိုင်မှုကို စတိတ်ဒီဖရန့် အားကစားကွင်းအတွင်း ပရိသတ် ၆၉၀၀၀ လာရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။