ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ဆုတံဆိပ်တွေ ရယူပေးနိုင်ခဲ့ကြတဲ့ ဘရာဇီးအိုလံပစ်အသင်းသားတွေ ဂုဏ်ပြုပွဲကို ဩဂုတ်လ ၁၄ ရက်နေ့က ဘရာဇီးနိုင်ငံ ဖလာမင်ဂိုမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ဘရာဇီးအိုလံပစ်အသင်းအတွက် ကျွမ်းဘားအားကစားမယ် အန်ဒရာဒီတစ်ယောက်တည်းက ရွှေတံဆိပ်၁ ဆု၊ ငွေတံဆိပ် ၂ ဆုနဲ့ ကြေးတံဆိပ် ၁ ဆုကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘရာဇီးအိုလံပစ်အသင်းဟာ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၃ ဆု ရယူထား နိုင်ခဲ့ရာမှာ ဂျုဒိုအားကစားနဲ့ အမျိုးသမီး နှစ်ယောက်တွဲ သဲသောင်ပြင်ဘော်လီဘောပြိုင်ပွဲတို့ကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဂုဏ်ပြုပွဲကိုတော့ အန်ဒရာဒီအပါအဝင် အိုလံပစ်ဆုတံဆိပ်ရ ကစားသမား ၅ ယောက် တက်ရောက် လာခဲ့ပြီး အန်ဒရာဒီကတော့ အခုလို ဂုဏ်ပြုခံရမှုက ထူးခြားတဲ့ အခိုက်အတန့်ဖြစ်သလို အိုလံပစ်ဆုတံဆိပ်ကို လက်ခံရယူချိန်ကလည်း ဘဝမှာ ဂုဏ်ယူရဆုံး အခိုက်အတန့်ဖြစ်ခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။
ဘရာဇီးအိုလံပစ် အသင်းဟာ ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၃ ဆု၊ ငွေတံဆိပ် ၇ ဆုနဲ့ ကြေးတံဆိပ် ၁၀ ဆု စုစုပေါင်း ဆုတံဆိပ် ၂၀ အထိရခဲ့ပြီး တောင်အမေရိကနိုင်ငံအသင်းတွေထဲမှာ ဆုတံဆိပ်အများဆုံးရရှိတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။