ပရီးမီးယားလိဂ်ကလပ် ဗီလာအသင်းဟာ အဲဗာတန်အသင်းကနေ ခေါ်ယူဖို့သဘောတူညီမှုရထားတဲ့ ဘယ်ဂျီယံ ကွင်းလယ်လူ အိုနာနာကို ဇူလိုင်လ(၂၂)ရက်နေ့က ပရိသတ်တွေနဲ့ တရားဝင်မိတ်ဆက်ပေးသွားခဲ့ပါတယ်။
ဗီလာအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရထားတာကြောင့် ကစားသမားသစ်တွေကို ခေါ်ယူပြီး အင်အားဖြည့်တင်းနေခဲ့တာပါ။
အိုနာနာကိုခေါ်ဖို့အတွက် ဗီလာအသင်းဟာ အဲဗာတန်အသင်းကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၅၀)ပေးချေခဲ့ရပြီး ကာလရှည်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
(၂၀၂၂)ခုနှစ်မှာ အဲဗာတန်အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ အိုနာနာဟာ အသင်းအတွက် ပြိုင်ပွဲစုံ(၇၂)ပွဲမှာ (၄)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဗီလာအသင်းကို ပြောင်းရွှေ့နိုင်ခဲ့လို့ ပျော်ရွှင်မိသလို လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ကစားရမှာဖြစ်တာကြောင့် စိတ်လှုပ်ရှားမိတယ်လို့ အိုနာနာက ပြောပါတယ်။
အဲဗာတန်အသင်းကနေ ပြောင်းရွှေ့လာနိုင်ခဲ့တဲ့ အိုနာနာဟာ ဗီလာအသင်းရဲ့ သမိုင်းတစ်လျှောက် ဒုတိယမြောက် ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။