ဘရာဇီးလက်ရွေးစင်ဟောင်း ကော်တင်ဟိုက ဘရာဇီးကလပ် ဗာစကိုဒဂါးမားအသင်းကို ပြန်ရောက်လာတာက အိမ်ပြန်ရောက်သလိုပဲ ခံစားရစေတယ်လို့ ပြောသွားခဲ့ပါတယ်။
ဗီလာအသင်းကနေ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကော်တင်ဟိုကို ဗာစကိုဒဂါးမားပရိသတ်တွေကလည်း လာရောက်ကြိုဆိုခဲ့ကြသလို အမှတ်တရ ဓာတ်ပုံတွေပါ ရိုက်ခဲ့ကြတာပါ။
ကော်တင်ဟိုဟာ ဥရောပကို မပြောင်းရွှေ့မီ ဗာစကိုဒဂါးမားအသင်း မှာ ကစားခဲ့ဖူးတာဖြစ်လို့ အသင်းဟောင်းကို ပြန်လည်ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။
ပြည်ပမှာ အနေကြာ ခဲ့ပြီဖြစ်တာကြောင့် ရှင်သန်ကျင်လည်ခဲ့ဖူးတဲ့ နေရာဟောင်းကို ပြန်လည်ရောက်ရှိလာတာက အိမ်ကိုပြန်ရောက် လာသလိုပဲ ခံစားရစေတယ်လို့ ကော်တင်ဟိုက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပါ။
ဗာစကိုဒဂါးမား အသင်းကလည်း ကော်တင်ဟို ပြန်လည်ရောက်ရှိလာမှုအပေါ် သူတို့ရဲ့လူမှုကွန်ရက်မှာ ခမ်းခမ်းနားနား ဖော်ပြ ခဲ့ပြီး ကော်တင်ဟိုဟာ ဘရာဇီးကလပ်မှာ ကျောနံပါတ် ၁၁ ကို ဝတ်ဆင်ကစားမယ်လို့ သိရပါတယ်။
ဗာစကို ဒဂါးမားအသင်းဟာ လက်ရှိ ဘရာဇီးအမှတ်ပေးပြိုင်ပွဲမှာ အဆင့် ၁၃ နေရာကို ရောက်နေပြီး တန်းဆင်း အန္တရာယ် နဲ့ ရင်ဆိုင်နေရတာဖြစ်လို့ ကော်တင်ဟိုအနေနဲ့ အသင်းဟောင်းကို ဆွဲတင်ပေးနိုင်ဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။