မန်ယူအသင်းဟာ အသင်းရဲ့လက်ရှိအားကစားဒါရိုက်တာ အက်စ်ဝေါ့နဲ့လမ်းခွဲလိုက်ပြီဖြစ်တယ်လို့ ဒီဇင်ဘာလ (၈)ရက်နေ့က တရားဝင်ကြေညာခဲ့ပါတယ်။

အက်စ်ဝေါ့ဟာ အခုဘောလုံးရာသီအစမှာမှ နယူးကာဆယ်အသင်း ကနေ မန်ယူအသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့်လည်း (၅)လအကြာမှာတော့ အသင်းနဲ့လမ်းခွဲခဲ့တာပါ။ အခုလိုမျိုး အသင်းကို ပြုပြင်ပြောင်းလဲနေတဲ့အချိန်မှာ ပူးပေါင်းပါဝင်ပေးခဲ့တဲ့ အက်စ်ဝေါ့ကို ကျေးဇူးတင်မိသလို အနာဂတ်မှာ အောင်မြင်ဖို့အတွက်လည်း ဆုတောင်းပေးတယ်လို့ မန်ယူအသင်းက တရားဝင် စာထုတ်ပြန်ချက်မှာ ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လကမှ မန်ယူအသင်းကို ရောက်လာခဲ့တဲ့ အသက်(၅၃)နှစ်အရွယ် အက်စ်ဝေါ့ဟာ မန်ယူအသင်းရဲ့ရှယ်ယာရှင် ရက်ဖ်ကလစ်တို့ရဲ့ စိတ်ကြိုက်ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ အသင်းနဲ့ နှစ်ဦး သဘောတူ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။ မန်ယူအသင်းဟာ အခုဘောလုံးရာသီမှာ ရလဒ်ဆိုးရွားနေတာကြောင့် နည်းပြတန်ဟတ်ကို ထုတ်ပယ်ခဲ့သလို နည်းပြသစ် အမ်မိုရင်လက်ထက်မှာလည်း အသင်းရဲ့ရလဒ်တွေက မတည် မငြိမ် ဖြစ်နေခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းဟာ နော်တင်ဟမ်အသင်းကို (၃)ဂိုး၊ (၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်(၁၅)ပွဲ ကစားပြီးချိန်မှာ (၅)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၆)ပွဲရှုံး၊ ရမှတ်(၁၉)မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်(၁၃)နေရာမှာ ရပ်တည်နေပါတယ်။