အာဆင်နယ်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့နောက်ဆုံးရက်မှာ ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန်တောင်ပံ ကစားသမား စတားလင်းကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ ဩဂုတ်လ(၃၀)ရက်နေ့က တရားဝင် ကြေညာခဲ့ပါတယ်။
စတားလင်းဟာ ချယ်လ်ဆီးနည်းပြသစ် မာရက်စကာလက်ထက် အသင်းရဲ့စီမံကိန်းမှာ မပါဝင် တော့တာကြောင့် အသင်းသစ်ရှာဖွေနေခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာပါ။
အာဆင်နယ်အသင်းဟာ စတားလင်းကို ခေါ်ယူပြီးချင်းမှာပဲ တရားဝင်မိတ်ဆက် ခဲ့သလို အာဆင်နယ်ကို ပြောင်းရွှေ့နိုင်ခဲ့တဲ့အတွက် စိတ်လှုပ်ရှား ပျော်ရွှင်မိတယ်လို့ စတားလင်းက ပြောပါတယ်။

စတားလင်းဟာ (၂၀၂၂)ခုနှစ်မှာ မန်စီးတီးအသင်းကနေ ချယ်လ်ဆီးအသင်းကို ပေါင်သန်း(၅၀)နဲ့ ပြောင်းရွှေ့လာခဲ့ တာဖြစ်ပြီး ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ(၈၁)ပွဲ ကစားခဲ့ရာမှာ (၁၉)ဂိုး သွင်းယူပေးခဲ့ပါတယ်။
စတားလင်းနဲ့ နည်းပြ အာတီတာတို့ဟာ မန်စီးတီးအသင်းမှာ အတူလက်တွဲခဲ့ဖူးတာဖြစ်ပြီး အခုအခါ အာဆင်နယ်အသင်းကို နည်းပြ အာတီတာ ကိုင်တွယ်နေချိန်မှာ ပြန်လည်လက်တွဲခွင့်ရတော့မှာလည်း ဖြစ်ပါတယ်။