အင်တာမိုင်ယာမီအသင်းတိုက်စစ်မှူး မက်ဆီဟာ ဒဏ်ရာပြဿနာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ကစားဖို့ ရှိနေတဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်း လူစာရင်းကနေ နုတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၇ နှစ်အရွယ် မက်ဆီဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အတ္တလန္တာယူနိုက်တက်အသင်းနဲ့ မေဂျာလိဂ်ပွဲမှာမှ အင်တာမိုင်ယာမီအသင်း ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့တာပါ။

ဒါပေမဲ့ ပွဲအတွင်းမှာပဲ ဒဏ်ရာရရှိခဲ့ သလို ပွဲအပြီး ဆေးစစ်မှုတွေအရ အသေးစားကြွက်သားဒဏ်ရာရရှိခဲ့တယ်လို့ အင်တာမိုင်ယာမီအသင်း သတင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မက်ဆီရဲ့ ဒဏ်ရာသတင်းကို အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်ဆီ အကြောင်းကြား ထားပြီးဖြစ်တယ်လို့လည်း အင်တာမိုင်ယာမီအသင်း သတင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အင်တာ မိုင်ယာမီအသင်းအနေနဲ့ မက်ဆီရဲ့ကြံ့ခိုင်မှု ပြည့်ဝစေဖို့အတွက် ချင့်ချိန်ပြီး အသုံးပြုမှုတွေ ပြုလုပ်နေချိန်မှာ မက်ဆီအနေနဲ့ အခုလို အသေးစားဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဒဏ်ရာရရှိခဲ့တဲ့အခြေအနေနဲ့ ပတ်သက်လို့ One News ရဲ့ အားကစားသတင်းအယ်ဒီတာ ကိုစည်သူဟိန်းက သူ့အမြင်ကို အခုလို ပြောထားပါတယ်။

အာဂျင်တီးနားအသင်းဟာ အသင်း ၁၀ သင်းပါဝင်တဲ့ တောင်အမေရိကန်ဇုန်ခြေစစ်ပွဲမှာ ပွဲစဉ် ၁၂ ပွဲ ကစားပြီးချိန် ဒုတိယနေရာက ဥရုဂွေးအသင်းကို ၅ မှတ်ဖြတ်ထားပြီး ထိပ်ဆုံးမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ အခုတစ်ပတ် ထဲမှာ အာဂျင်တီးနားအသင်းဟာ ဥရုဂွေး၊ ဘရာဇီးတို့နဲ့ ခြေစစ်ပွဲတွေ ကစားရမှာဖြစ်လို့ အသင်းအတွက် အရေးကြီးတဲ့ပွဲတွေကို မက်ဆီမပါဘဲနဲ့ ဖြတ်သန်းရတော့မှာ ဖြစ်ပါတယ်။