အင်္ဂလန် ဘယ်တောင်ပံကစားသမား ဆက်ဆီနွန်ဟာ စပါးအသင်းနဲ့ စာချုပ်ပြည့်ခဲ့ပြီးနောက် အသင်းဟောင်း ဖူလ်ဟမ်ဆီကို ၂ နှစ်စာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် ဆက်ဆီနွန်ဟာ ဖူလ်ဟမ်အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး အသက် ၁၆ နှစ်အရွယ်မှာ ဖူလ်ဟမ်အသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။
ဖူလ်ဟမ်အသင်းနဲ့အတူ ပွဲပေါင်း ၁၂၀ ကစားပေးခဲ့တဲ့ ဆက်ဆီနွန်ဟာ ၂၀၁၉ မှာ စပါးအသင်းဆီကို ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
စပါးအသင်းမှာတော့ ဆက်ဆီနွန်ဟာ ပုံမှန်ပွဲထွက် ခွင့်ရဖို့ကို ရုန်းကန်ခဲ့ရသလို ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ဂျာမနီကလပ် ဟော့ဖန်ဟိမ်းအသင်းဆီကို အငှားနဲ့ ထွက်ကစားခဲ့ရပါတယ်။
စပါးအသင်းမှာရှိနေခဲ့တဲ့ ကာလအတွင်း ၅၇ ပွဲသာကစားခွင့်ရခဲ့တဲ့ ဆက်ဆီနွန်ဟာ စပါးအသင်းနဲ့ စာချုပ်သက်တမ်းမတိုးတော့ဘဲ အသင်းဟောင်းဖူလ်ဟမ်ဆီကို ပြန်လာဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့် ဆက်ဆီနွန်ဟာ ဖူလ်ဟမ်အသင်းနည်းပြ မာကိုဆေးလ်ဗားရဲ့ အခုနွေရာသီ ပထမဆုံးခေါ်ယူမှုလည်း ဖြစ်လာခဲ့ပါတယ်။ အသင်းဟောင်းဆီပြန်ရောက်လာခွင့်ရတဲ့အတွက် အံ့ဩစရာကောင်းသလို အရာအားလုံး ပြန်စတင်နိုင်ဖို့ ကြိုးစားသွားမယ်လို့ အင်္ဂလန်ယူ-၂၁ လက်ရွေးစင်ဟောင်း ဆက်ဆီနွန်က ပြောပါတယ်။