ပရီးမီးယားလိဂ်နောက်ဆုံး ၁၀ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပေမယ့် စပါးအသင်းသားတွေဟာ ပွဲတိုင်းမှာ အသင်း အတွက် အစွမ်းကုန်ကြိုးစားပေးထားတယ်လို့ နည်းပြအန်ဂျီက ကာကွယ်သွားခဲ့ပါတယ်။ အခုတစ်ပတ် အဲဗာတန် အသင်းကို ရှုံးနိမ့်မှုက စပါးအသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲဆက် ရှုံးနိမ့်မှုဖြစ်ခဲ့ပြီး အမှတ်ပေးဇယားမှာ လည်း အဆင့်-၁၅ နေရာကို ရောက်နေပါတယ်။

ဒါ့ကြောင့်လည်း နည်းပြအန်ဂျီရဲ့ အနာဂတ်က မသေချာတော့တဲ့ သတင်းတွေ ထွက်ပေါ်နေသလို ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုအပေါ်လည်း မေးခွန်းတွေထုတ်လာခဲ့ကြ တာပါ။ နည်းပြ အန်ဂျီကတော့ အသင်းကစားသမားတွေဟာ ပွဲစဉ်တိုင်းမှာ အသင်းအတွက် ရာနှုန်းပြည့်ပေးဆပ် ကစားကြတယ်ဆိုတာကို သံသယဖြစ်စရာမလိုဘဲ အသင်းက လက်ရှိအချိန်အထိ အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေထဲမှာ ဆက်ရှိခွင့်ရနေတာက ဒီလိုအားထုတ်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်လို့ အသင်းသားတွေ ဘက်ကနေ ကာကွယ်သွားခဲ့ပါတယ်။

စပါးအသင်းဟာ အခုရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ၁၂ ပွဲအထိ ရှိထားပြီး ပရီးမီးယားလိဂ် ၂၂ ပွဲကစားပြီးချိန် ရှုံးပွဲ ၁၂ ပွဲအထိ ရင်ဆိုင်ထားရတာက ၁၉၉၇-၉၈ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ စပါးအသင်းမှာ ဒဏ်ရာရကစားသမားတွေ များပြားနေတာက အသင်းရဲ့ ပုံမှန်ခြေစွမ်းကို ထိခိုက်စေခဲ့တယ်လို့လည်း နည်းပြ အန်ဂျီက ပြောသွားခဲ့ပါတယ်။