မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ ဝတ်ဆင်ကစားမယ့် အဝေးကွင်းဂျာစီ သစ်ကို ဒီဇင်ဘာလ(၁၂)ရက်နေ့က တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အင်တာမိုင်ယာမီအသင်းဟာ (၂၀၂၅)ခုနှစ်မှာ စတင်မယ့် မေဂျာလိဂ်ဘောလုံးရာသီသစ်အတွက် ပြင်ဆင်မှုတွေ လုပ်နေတာဖြစ်ပြီး အခုအချိန်မှာတော့ အသင်းရဲ့ အဝေးကွင်းဂျာစီသစ်ကို မိတ်ဆက်သွားခဲ့တာပါ။
ကမ္ဘာကျော်အားကစားကုမ္ပဏီတစ်ခုဖြစ်တဲ့ Adidas နဲ့ လက်တွဲထားတဲ့ အင်တာမိုင်ယာမီအသင်းဟာ သူတို့ရဲ့အဝေးကွင်းဂျာစီသစ်ကို ပရိသတ်တွေဆီ မိတ်ဆက်ပေးပြီး ချင်းမှာပဲ အသင်းကဖွင့်လှစ်ထားတဲ့ တရားဝင်အရောင်းဆိုင်တွေမှာ စတင်ရောင်းချနေပြီလည်း ဖြစ်ပါတယ်။ လာမယ့်နှစ်မှာဝတ်ဆင်မယ့် အင်တာမိုင်ယာမီအသင်းရဲ့ အဝေးကွင်းဂျာစီမှာ အနက်နဲ့ခဲရောင်တို့ကို အဓိက အသုံး ပြုထားပြီး ပန်းရောင်စာသားတချို့နဲ့ပုံဖော်ထားတာကို တွေ့ရပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ လာမယ့် ဘောလုံးရာသီမှာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကစားရမှာ ဖြစ်တာ ကြောင့် အခုဂျာစီက သမိုင်းဝင်ဂျာစီဖြစ်လာလိမ့်မယ်လို့လည်း ဖော်ပြထားတာကို တွေ့ရပါတယ်။ အင်တာ မိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် Supporters’ Shield ကိုလည်း ဆွတ်ခူးနိုင်ခဲ့တာကြောင့် အမေရိကန်နိုင်ငံမှာကျင်းပမယ့် (၂၀၂၅)ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်ကိုယ်စားပြုအဖြစ် ကစားသွားရမှာ ဖြစ်ပါတယ်။