အမျိုးသမီး ယူရို ၂၀၂၅ ပြိုင်ပွဲရဲ့ အုပ်စုတွေကို ဒီဇင်ဘာ ၁၆ ရက်နေ့က မဲခွဲခဲ့ရာမှာ လက်ရှိချန်ပီယံ အင်္ဂလန်အသင်းဟာ အုပ်စုကျပ်ထဲ ကျရောက်ခဲ့ပါတယ်။ အုပ်စု (D) မှာ အင်္ဂလန်အသင်းဟာ ယူရို ၂၀၁၇ ချန်ပီယံ နယ်သာလန်၊ နာမည်ကြီး ပြင်သစ်၊ ယူရိုပြိုင်ပွဲကို ပထမဆုံးအကြိမ် ပါဝင်ခွင့်ရတဲ့ ဝေးလ်အသင်းတို့နဲ့အတူ ကျရောက်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အမျိုးသမီးအသင်းကို ယူရို ချန်ပီယံဆု ရအောင် ဦးဆောင်ပေးခဲ့တဲ့ နည်းပြ ဝီးစ်မန်းဟာ ယူရို ၂၀၁၇ ပြိုင်ပွဲတုန်းကလည်း နယ်သာလန်အသင်းကို ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးခဲ့သူဖြစ်လို့ အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ အမျိုးသမီး ယူရို ၂၀၂၅ ပြိုင်ပွဲရဲ့ အုပ်စု(A)မှာ ဆွစ်ဇာလန်၊ အိုင်ယာလန်၊ နော်ဝေ၊ ဖင်လန်အသင်းတို့ အတူကျရောက်နေပြီး အုပ်စု(B)မှာတော့ စပိန်၊ အီတလီ၊ ဘယ်လ်ဂျီယံနဲ့ ပေါ်တူဂီအသင်းတို့ ကျရောက်ခဲ့ပါတယ်။ အုပ်စု(C)မှာလည်း ဂျာမနီ၊ ဒိန်းမတ်၊ ဆွီဒင်နဲ့ ပိုလန်တို့ ကျရောက်နေတာပါ။ အင်္ဂလန်နည်းပြ ဝီးစ်မန်းကတော့ ယူရိုလက်ရှိချန်ပီယံ အင်္ဂလန်အသင်းအတွက် ပွဲစဉ်တိုင်း က ခက်ခဲတယ်လို့ အုပ်စုမဲခွဲမှုအပြီးမှာ သုံးသပ်ခဲ့ပါတယ်။

အမျိုးသမီးယူရို ၂၀၂၅ ပြိုင်ပွဲကို ၂၀၂၅ခုနှစ် ဇူလိုင်လ ၂ ရက် ကနေ ၂၇ ရက် အထိ ဆွစ်ဇာလန်နိုင်ငံရှိ မြို့ကြီး ၈ မြို့က အားကစားကွင်း ၈ ကွင်းမှာ လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။