ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြပိုချက်တီနိုဟာ အမေရိကန်လက်ရွေးစင် အမျိုးသားဘောလုံးအသင်းကို ကိုင်တွယ်ဖို့အတွက် နီးစပ်နေပြီဖြစ်တယ်လို့ ဩဂုတ်လ(၁၅)ရက်နေ့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့(၂၀၂၄)ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့ပေမယ့် အုပ်စုအဆင့်မှာတင် ထွက်ခွာခဲ့ရပြီးနောက် နည်းပြဘာဟယ်တာကို ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ အမေရိကန် အသင်းဟာ နည်းပြသစ်တစ်ယောက်ကို ရှာဖွေနေခဲ့တာပါ။
အမေရိကန်အသင်းဟာ (၂၀၂၆)ကမ္ဘာ့ဖလားပြိုင်ပွဲကို မက္ကဆီကို၊ ကနေဒါနိုင်ငံတို့နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားမှာဖြစ်တာကြောင့် ရလဒ်ကောင်းရဖို့အတွက် နည်းပြပိုချက်တီနိုကိုခေါ်ယူဖို့ ဆွေးနွေးနေခဲ့တာ ဖြစ်ပါတယ်။
အသက်(၅၂)နှစ်အရွယ် နည်းပြပိုချက်တီနိုဟာ စပါး၊ ပီအက်စ်ဂျီ၊ ချယ်လ်ဆီးအသင်းတွေမှာ နည်းပြအဖြစ်လုပ်ကိုင်ခဲ့တာကြောင့် လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရလဒ်ကောင်းရအောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ အမေရိကန်အသင်းက ယုံကြည်နေပါတယ်။
နည်းပြ ပိုချက်တီနို အနေနဲ့ အမေရိကန်နည်းပြသစ် ဖြစ်လာမယ်ဆိုရင် လာမယ့်စက်တင်ဘာ (၇)ရက်မှာ ကစားမယ့် ကနေဒါ အသင်းနဲ့ပွဲစဉ်ကစပြီး တာဝန်ယူကိုင်တွယ်သွားမှာဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြ ပါတယ်။