ပလိုင်းမောက်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲမှာ ကစားသမား ၁၀ နေရာလောက်အထိ အပြောင်းအလဲပြုလုပ်ခဲ့တဲ့အပေါ် နောင်တမရဘူးလို့ လီဗာပူးနည်းပြ စလော့က ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

ချန်ပီယံရှစ်မှာ ဇယားအောက်ဆုံးရောက်နေတဲ့ ပလိုင်းမောက်အသင်းနဲ့ပွဲထွက်လူစာရင်းမှာ လီဗာပူးအသင်းဟာ အဓိက ကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်ချ်၊ ဆာလက်ရှ်၊ ဂတ်ခ်ပိုအပါအဝင် ကစားသမားအများစုကို ချန်လှပ်ထား ခဲ့ပြီး အရန်ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ လီဗာပူးအသင်းဟာ ပွဲချိန် ၅၃ မိနစ်မှာ ပေးခဲ့ရတဲ့ ပလိုင်းမောက်အသင်းရဲ့ဦးဆောင်ဂိုးကို ပွဲပြီးတဲ့အထိ မချေပနိုင်ခဲ့ဘဲ ပြိုင်ပွဲကနေ ထွက်လိုက်ရတာ ဖြစ်ပါတယ်။ အခုပွဲမှာ အသုံးပြုခဲ့တဲ့ ကစားသမားတွေဟာ ပိုကောင်းအောင် ကစားနိုင်မယ်လို့ မျှော်လင့်ထားခဲ့တယ်လို့လည်း နည်းပြစလော့က ပြောသွားခဲ့ပါတယ်။
လီဗာပူးအသင်းရဲ့ အက်ဖ်အေဖလားရှုံးပွဲနဲ့ပတ်သက်လို့ One News ရဲ့ အားကစားအယ်ဒီတာ ကိုစည်သူဟိန်းရဲ့ အမြင်ကို အခုလိုမေးမြန်းထားပါတယ်။

အခုလိုမျိုး ကစားသမားအများစု အပြောင်းအလဲ ပြုလုပ်ခဲ့ရတာက အသင်းရဲ့ ပွဲဆက်များနေရတဲ့ အခြေအနေ ကြောင့်လည်း ဖြစ်တယ်လို့ နည်းပြ စလော့က အကြောင်းပြခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လာမယ့် ဗုဒ္ဓဟူးညမှာ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ် မာဆေးဆိုက်ဒ်ဒါဘီပွဲစဉ်ကို ကစားရဖို့ ရှိနေတာဖြစ်ပါတယ်။