ဆော်ဒီကလပ် အယ်အစ်တီဟတ်အသင်းအနေနဲ့ ရာသီသစ်အတွက် အပြောင်းအလဲတွေများစွာ ပြုလုပ်ထားတာ ဖြစ်လို့ ပြီးခဲ့တဲ့ ရာသီကနဲ့ မတူတဲ့အသင်းကို မြင်ရလိမ့်မယ်လို့ တိုက်စစ်မှူး ဘန်ဇီးမားက ပြောလိုက်ပါတယ်။
၂၀၂၂ ရွှေဘောလုံးဆုရှင်ဟောင်း ဘန်ဇီးမားဟာ ပြင်သစ်လူမျိုးနည်းပြ ဘလန့်၊ ပြင်သစ် ကစားသမားတွေ ဖြစ်ကြတဲ့ အာဝါ၊ ဒီယာဘီတို့နဲ့ အခုရာသီ အယ်အစ်တီဟတ်အသင်းမှာ ပြန်လည်လက်တွဲခွင့်ရမှာလည်း ဖြစ်ပါတယ်။
အခုရာသီ အယ်အစ်တီဟတ်အသင်းရဲ့ ရည်မှန်းချက်က ပြိုင်ပွဲတိုင်းမှာ အောင်မြင်မှုရဖို့ဖြစ်သလို ပြီးခဲ့တဲ့ရာသီက စိတ်ပျက်စရာအခြေအနေတွေကို ချန်ထားခဲ့ပြီး အကောင်းဆုံး ကြိုးစားသွားမှာဖြစ်တယ်လို့ ဘန်ဇီးမားက ပြောသွားခဲ့ပါတယ်။
![](https://onenewstvchannel.com/wp-content/uploads/2024/09/Benzema.jpg)
ပြီးခဲ့တဲ့ဘောလုံးရာသီက အသင်းသစ်နဲ့အတူ ဘန်ဇီးမား ခြေစွမ်းမပြနိုင်ခဲ့သလို အယ်အစ်တီဟတ်အသင်းကလည်း ဆော်ဒီပရိုလိဂ်မှာ အဆင့်-၅ နေရာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
ဘန်ဇီးမားနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့တဲ့ နည်းပြ ဂယ်လာဒိုရဲ့နေရာမှာ ပြင်သစ်လူမျိုးနည်းပြ ဘလန့်ကို ခန့်အပ်လိုက်တာကြောင့် ဘန်ဇီးမားအနေနဲ့ အခုရာသီမှာ ပိုပြီးခြေစွမ်းပြလာနိုင်လိမ်မယ်လို့ ပရိသတ်တွေရဲ့ ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။