ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖြူရီဟာ လက်ဝှေ့အားကစားကနေ နောက်တစ်ကြိမ် အနားယူလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ယူကရိန်း နိုင်ငံသား အူဆက်ခ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲဟာ ဖြူရီရဲ့ ကစားသမားဘဝ နောက်ဆုံးပွဲဖြစ်ခဲ့ပါတယ်။

အသက် ၃၆ နှစ် အရွယ် ဖြူရီဟာ ၂၀၂၂ ဧပြီလတုန်းက ကစားသမားဘဝကနေ အနားယူပြီလို့ ကြေညာခဲ့ပြီးနောက် ၆ လအကြာ မှာ လက်ဝှေ့အားကစားထဲကို ပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ဖေဖော်ဝါရီမှာ အမေရိကန် နိုင်ငံသား ဝိုင်းဒါးကို အနိုင်ယူပြီး WBC ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ဖြူရီဟာ ၂၀၂၄ မေလမှာ အူဆက်ခ်ကို ပထမဆုံးရှုံးခဲ့တဲ့ ပွဲမတိုင်ခင်အထိ ချန်ပီယံဆု ကာကွယ်ပွဲ ၃ ပွဲမှာ ပြိုင်ဘက်တွေကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

လက်ဝှေ့ကစားသမားဘဝက အနားယူပြီဆိုတာ အားလုံးကို အသိပေးချင်သလို လက်ဝှေ့ကြိုးဝိုင်း အတွင်းမှာ ရှိနေခဲ့တဲ့ အချိန်တိုင်းကိုလည်း အမှတ်ရနေမှာလို့ တိုင်ဆန်ဖြူရီက သူ့ရဲ့ကြေညာချက်မှာ ရေးသား ထားပါတယ်။တိုင်ဆန်ဖြူရီဟာ ကစားသမားဘဝ ၃၇ ပွဲထိုးသတ်ခဲ့ရာမှာ ၃၄ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲသာရှုံးနိမ့်ထားခဲ့တာဖြစ်ပြီး အနိုင်ရခဲ့တဲ့ ၃၄ ပွဲမှာ ၂၄ ပွဲက ပြိုင်ဘက်တွေကို အလဲထိုးပြီး အနိုင်ရခဲ့တာဖြစ်ပါတယ်။