အနာဂတ်အတွက် စိုးရိမ်မှုမရှိသလို ထုတ်ပယ်ခံရမယ့်အရေးကိုလည်း ကြောက်နေမှာမဟုတ်ဘူးလို့ မန်ယူနည်းပြ တန်ဟတ်က စပါးအသင်းကို ဂိုးပြတ်ရှုံးနိမ့်မှုအပြီးမှာ ပြောကြားလိုက်ပါတယ်။
မန်ယူအသင်းဟာ အခုရာသီ ပရီးမီးယားလိဂ် ရာသီအစ ၆ ပွဲမှာ ၃ ပွဲမြောက် ရှုံးပွဲအဖြစ် စပါးအသင်းကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ တာဖြစ်ပြီး နည်းပြတန်ဟတ်လည်း ထုတ်ပယ်ခံရဖို့ ပိုမိုရေပန်းစားလာခဲ့တာဖြစ်ပါတယ်။
နယ်သာလန်လူမျိုး နည်းပြ တန်ဟတ်ကတော့ သူ့ရဲ့အနာဂတ်အတွက် စိုးရိမ်မှုမရှိသလို ကစားသမားတွေအပေါ်လည်း အပြည့်အဝ ယုံကြည်မှု ရှိတယ်လို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပါ။
ပြီးခဲ့တဲ့နွေက အသင်းတာဝန်ရှိသူတွေနဲ့ သေချာစွာ ဆွေးနွေးပြီးမှ အသင်းနဲ့စာချုပ်သစ်ကို ချုပ်ဆိုခဲ့တာဖြစ်တာကြောင့် သူ့ရဲ့စီမံကိန်းတွေအပေါ် အသင်း တာဝန်ရှိသူတွေ ကောင်းစွာနားလည်မှာ ဖြစ်တယ်လို့လည်း တန်ဟတ်က ပြောသွားခဲ့ပါတယ်။
မန်ယူအသင်းဟာ အခုကြားရက်မှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ပေါ်တိုအသင်းအိမ်ကွင်းကို သွားကစားရမှာဖြစ်သလို ပေါ်တိုအသင်းနဲ့ ပွဲအပြီးမှာလည်း ပရီးမီးယားလိဂ် အဝေးကွင်းပွဲအဖြစ် ဗီလာအသင်းအိမ်ကွင်းကို သွားကစားရဖို့ ရှိနေတာပါ။
မန်ယူအသင်း ခေါင်းဆောင် ဖာနန်ဒက်စ်ကတော့ စပါးနဲ့ပွဲက အနီကတ်ကြောင့် မန်ယူအသင်းရဲ့ လာမယ့် ပြည်တွင်းပွဲစဉ် ၃ ပွဲကို လွဲချော်ရတော့မှာလည်း ဖြစ်ပါတယ်။