ကန်ဆက်စီးတီးအသင်းရဲ့ နာမည်ကျော်ကစားသမား ထရာဗစ် ကယ်လ်စီက သူ့ရဲ့ NFL ကစားသမားဘဝ အနာဂတ်ကို အချိန်ယူစဉ်းစားသွားမယ်လို့ ပြောကြားလိုက်ပါတယ်။ အခုနှစ် စူပါဘိုးလ်ပွဲစဉ်မှာ ဖီလာဒဲလ်ဖီးယား အီးဂဲလ် အသင်းကို ရှုံးနိမ့်ကာ ချန်ပီယံဆု လွှဲပေးခဲ့ရပြီးနောက် အသက် ၃၅ နှစ်အရွယ် ကယ်လ်စီက အနာဂတ်နဲ့ ပတ်သက်လို့ အခုလို ပြောသွားခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ လူတိုင်းက သိချင်နေကြသလို သူကိုယ်တိုင်လည်း အချိန်ယူပြီး အေးဆေးစဉ်းစား ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ကယ်လ်စီက ပြောသွား ခဲ့ပါ တယ်။ ကယ်လ်စီရဲ့ အစ်ကိုဖြစ်သူ ဂျေဆင်က ပြီးခဲ့တဲ့နှစ်မှာ NFL ကစားသမားဘဝကနေ အနားယူသွားခဲ့သလို ကန်ဆက်စီးတီးအသင်းနဲ့ ၂၀၂၅ မှာ စာချုပ်ပြည့်မယ့် ကယ်လ်စီအနေနဲ့လည်း အခုနှစ်မှာ ကစားသမားဘဝက အနားယူဖွယ်ရှိနေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ် ၆ နှစ်အတွင်းက သူ့ရဲ့ကစားပုံဟာ အားရ ကျေနပ်စရာကောင်းခဲ့သလို စူပါဘိုးလ်ပွဲစဉ်တွေကိုလည်း ဆက်တိုက်ဆိုသလို ကစားခွင့်ရခဲ့တာက အမှတ်ရစရာ ပါပဲလို့ ကယ်လ်စီက ပြောသွားခဲ့ပါတယ်။ အခုနှစ်မှာ ကစားတဲ့ စူပါဘိုးလ်ပွဲစဉ်ဟာ ကယ်လ်စီရဲ့ ကစားသမားဘဝ ၅ ကြိမ်မြောက် ကစားခွင့်ရတဲ့ စူပါဘိုးလ်ပွဲစဉ်ဖြစ်ခဲ့ပြီး ကန်ဆက်စီးတီးအသင်းနဲ့အတူ စူပါဘိုးလ်ချန်ပီယံဆုကို ၃ ကြိမ် ရရှိခဲ့တာဖြစ်ပါတယ်။