လီဗာပူးအသင်းရဲ့ အီတလီတောင်ပံကစားသမား ချီယေဆာက အသင်းမှာပွဲထွက်ကစားခွင့်ရဖို့အတွက် ရုန်းကန် နေခဲ့ရတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အငှားထွက်ခွင့်ပြုဖို့ လီဗာပူးအသင်းကို တောင်းဆိုခဲ့တယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ကြပါတယ်။

ချီယေဆာဟာ ဂျူဗင်တပ်အသင်းကနေ လီဗာပူးအသင်းကို အခုဘောလုံး ရာသီအစမှာမှ ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် အရန်ကစားသမားအဖြစ်နဲ့သာ ကစားနေခဲ့ရတာပါ။ အခုအချိန်မှာ အသက်(၂၇)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ချီယေဆာဟာ အခုရာသီ လီဗာပူးအသင်းမှာ ပြိုင်ပွဲစုံ(၄)ပွဲသာ ကစားခဲ့ရ သလို (၁၂၃)မိနစ်သာ ကစားခွင့်ရထားတာလည်း ဖြစ်ပါတယ်။

ဒါကြောင့်မလို့ ချီယေဆာက ပွဲထွက်ကစားခွင့် ရဖို့အတွက် အငှားထွက်ခွင့်ပြုဖို့ လီဗာပူးအသင်းကို တောင်းဆိုခဲ့တာဖြစ်ပြီး အီတလီကလပ်အသင်းတွေ ဖြစ်ကြတဲ့ အေစီမီလန်၊ ရိုးမားနဲ့ နာပိုလီအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ချီယေဆာဟာ အခုနောက်ပိုင်း ကာလတွေမှာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်နေခဲ့ရသလို လီဗာပူးအသင်းကိုလည်း ပြောင်းရွှေ့ကြေး ယူရို(၁၂)သန်းနဲ့သာ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။