စပိန်အသင်းကိုရှုံးနိမ့်ပြီး ယူရို(၂၀၂၄)ပြိုင်ပွဲမှာ ဒုတိယရခဲ့ပြီးနောက်မှာတော့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ရာထူးကနေ နုတ်ထွက်လိုက်ပြီဖြစ်တယ်လို့ ဇူလိုင်လ(၁၆)ရက်နေ့က တရားဝင်ကြေညာသွားခဲ့ပါတယ်။
ယူရို ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကို (၂)ကြိမ်ဆက် တက်ရောက်နိုင်ခဲ့ပေမယ့် (၂)ကြိမ်လုံး ရှုံးနိမ့်ခဲ့တာကြောင့်လည်း ပရိသတ်တွေက နည်းပြဆောက်ဂိတ်ကို ဝေဖန်နေခဲ့ကြတာပါ။

အင်္ဂလန်အသင်းဟာ အခုယူရို(၂၀၂၄)ပြိုင်ပွဲမှာ ဗိုလ်လုပွဲစဉ်ထိ တက်ရောက်နိုင်ခဲ့ပေမယ့် အသင်းရဲ့ကစားပုံက စိတ်ပျက်စရာကောင်းခဲ့တာကြောင့် ပရိသတ် တွေက ထုတ်ပယ်ဖို့ တောင်းဆိုနေကြချိန်မှာ နည်းပြဆောက်ဂိတ်ကိုယ်တိုင်က ရာထူးကနေ နုတ်ထွက်ဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
နည်းပြဆောက်ဂိတ်ဟာ (၂၀၁၆)ခုနှစ်တည်းက အင်္ဂလန်အသင်းကို နည်းပြအဖြစ် တာဝန်ယူခဲ့တာဖြစ်ပြီး အင်္ဂလန်နည်းပြဘဝ (၈)နှစ်တာကာလအတွင်း ယူရိုဖိုင်နယ်(၂)ကြိမ် ရောက်ရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။