ရာသီကြိုမောင်းနှင်မှုမှာ မတော်တဆမှုနဲ့ ကြုံခဲ့ရတဲ့ အက်စ်ပရီလီရာ အသင်းသား မာတင်ဟာ ခြေထောက်နဲ့ လက်တွေမှာဒဏ်ရာရခဲ့ပြီး ခွဲစိတ်ကုသမှုခံယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံ ဆက်ပန်မြို့မှာ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ ရာသီကြိုမောင်းနှင်မှုမှာ မိုတိုဂျီပီ လက်ရှိကမ္ဘာ့ချန်ပီယံ စပိန်နိုင်ငံသား မာတင်ဟာ ဒဏ်ရာပြင်းထန်စွာရခဲ့တာဖြစ်ပြီး ရာသီအစပိုင်းပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိခဲ့တာပါ။

၂၀၂၄ မိုတိုဂျီပီ ကမ္ဘာ့ချန်ပီယံ ဆုကို ပရာမက်ရေးဆင်းအသင်းနဲ့အတူ ရယူနိုင်ခဲ့တဲ့ မာတင်ဟာ အခုနှစ်ရာသီမစခင်မှာ အက်စ်ပရီလီရာ အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ရာသီကြိုစမ်းသပ်မောင်းနှင်မှုအတွင်း အသက် ၂၇ နှစ်အရွယ် မာတင်ဟာ အကွေ့မှာ ဆိုင်ကယ်က ချော်ထွက်သွားခဲ့ပြီးနောက် အရှိန်နဲ့အတူ ပြိုင်လမ်းမပေါ် ပြန်ကျခဲ့ရာမှာ ပြင်းထန်တဲ့ဒဏ်ရာတွေကို ရရှိခဲ့တာဖြစ်ပါတယ်။

ချက်ခြင်းဆိုသလိုပဲ ဆေးကုသမှုတွေနဲ့အတူ မာတင်ကို လူနာတင်ယာဉ်နဲ့ ဆေးရုံကိုတင်ပို့ခဲ့ရတာပါ။ CT စကင်ဖတ်စစ်ဆေးချက်တွေအရ မာတင်ရဲ့ ဘယ်ဘက်ခြေဖဝါးနဲ့ ညာဘက်လက်တွေကျိုးသွားခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရပြီး ဒဏ်ရာ ၂ ခုစလုံးကို ခွဲစိတ်ကုသမှုခံယူရတော့မှာ ဖြစ်ပါတယ်လို့ အက်စ်ပရီလီရာအသင်းကြေညာချက်မှာ ရေးသားထားပါတယ်။ စနေနေ့မှာ မာတင်ကို ဥရောပဆီ ပြန်ခေါ်လာပြီး ခွဲစိတ်ကုသမှုပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။