အခုတစ်ပတ် ကျင်းပမယ့် အီတလီဂရင်းပရီပြိုင်ပွဲမှာ အယ်ပိုင်းအသင်းအတွက် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ပေးမယ့် အာဂျင်တီးနား ဒရိုင်ဗာ ကိုလာပင်တိုက ဖိအားကင်းကင်းနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ပြောလိုက်ပါ တယ်။ အယ်ပိုင်းအသင်းဟာ အခုနှစ်ဖော်မြူလာဝမ်းရာသီ ဂရင်းပရီပွဲစဉ် ၆ ခုအပြီးမှာပဲ ရလဒ်တွေ ဆိုးရွားနေတဲ့ ဒရိုင်ဗာ ဂျက်ဒိုဟန်းရဲ့နေရာမှာ ကိုလာပင်တိုကို အစားထိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။

အသက် ၂၁ နှစ်အရွယ် ကိုလာ ပင်တိုဟာ ပြီးခဲ့တဲ့ ၂၀၂၄ ဖော်မြူလာဝမ်းရာသီမှာ ဝီလျံအသင်းအတွက် ဂရင်းပရီ ပွဲစဉ် ၉ ပွဲအထိ ပါဝင် ယှဉ်ပြိုင် ပေးခဲ့ဖူးတာ ဖြစ်ပါတယ်။ အရာအားလုံးကို အစကနေ ပြန်လည်စတင်ရမှာဖြစ်ပြီး အသင်းအတွက် ဖိအားကင်း ကင်းနဲ့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ကို ပြင်ဆင်ထားတယ်လို့ ကိုလာပင်တိုက အီတလီဂရင်းပရီ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။ ၂၃ နှစ်အတွင်း ဖော်မြူလာဝမ်းမှာ ယှဉ်ပြိုင်ခွင့်ရတဲ့ ပထမဆုံး အာဂျင်တီးနား ဒရိုင်ဗာဖြစ်တဲ့ ကိုလာပင်တိုဟာ ၂၀၂၄ ဖော်မြူလာဝမ်းရာသီမှာ ဝီလျံအသင်းအတွက် ရမှတ် ၅ မှတ် ရယူပေးထား နိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့တစ်ပတ်ကတော့ ကိုလာပင်တိုဟာ နယ်သာလန်နိုင်ငံက ကားပြိုင်ကွင်းမှာ အယ်ပိုင်းအသင်း ရဲ့ ပြိုင်ကားကို စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က အီတလီဂရင်းပရီမှာ ဝီလျံအသင်းအတွက် ပထမဆုံး ယှဉ်ပြိုင်ပေးခဲ့ရသလို အခုနှစ် အီတလီဂရင်းပရီမှာလည်း အသင်းသစ် အယ်ပိုင်းအတွက် ပထမဆုံး ယှဉ်ပြိုင်ခွင့် ရမှာကတော့ သူ့အတွက် အမှတ်တရတစ်ခု ဖြစ်စေတယ်လို့ ကိုလာပင်တိုက ပြောခဲ့ပါတယ်။