ရာသီကြိုခြေစမ်းခရီးမှာ ဒဏ်ရာရခဲ့ပြီးနောက် ရာသီအဖွင့်ပွဲတွေကို လွဲချော်ခဲ့ရတဲ့ မန်ယူတိုက်စစ်မှူး ဟွိုက်လန်း ဟာ ဩဂုတ်လ ၃၀ ရက်နေ့က အသင်းနဲ့အတူ အပေါ့စားလေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နိုင်ခဲ့ပါတယ်။
အခုရာသီ မှာ မန်ယူအသင်းရဲ့ကျောနံပါတ် ၉ ကိုပြောင်းလဲဝတ်ဆင်ကစားမယ့် ဟွိုက်လန်းဟာ အာဆင်နယ်အသင်းနဲ့ ကစား ခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီးနောက် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
ဟွိုက်လန်းအနေနဲ့ စက်တင်ဘာ လလယ်ပိုင်းလောက်မှ ပြန်ကစားနိုင်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် အခုချိန်မှာ ဒဏ်ရာအခြေအနေတိုးတက်မှု လျင်မြန်ခဲ့တဲ့အတွက် အပေါ့စားလေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်းနည်းပြ တန်ဟတ်ကလည်း ဟွိုက်လန်းရဲ့ဒဏ်ရာအခြေအနေနဲ့ ပတ်သက်လို့ အသင်း ဆေးအဖွဲ့က အထူးဂရုစိုက်ပြီး စောင့်ကြည့်ပေးနေသလို လာမယ့်တစ်ပတ် နိုင်ငံတကာပွဲစဉ် ကာလအပြီးမှာ ပြန် ကစားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောထားပါတယ်။
ဟွိုက်လန်းဟာ မန်ယူအသင်းရဲ့ ကာရင်တန် လေ့ကျင့် ရေးကွင်းမှာ ကြံ့ခိုင်မှုစစ်ဆေးတဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့သလို ဘောလုံးနဲ့အတူ တစ်ယောက်တည်း လေ့ကျင့်မှု တွေကိုလည်း ပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။