တောင်ပံတိုက်စစ်မှူး အာမက်ရဲ့ ဟက်ထရစ်သွင်းဂိုးတွေကြောင့် ဆောက်သမ်တန်ကို နိုင်တဲ့ပွဲအပြီး အသင်း ပူးတွဲပိုင်ရှင် ရက်ကလစ်ဖ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေမှာ အဆင်ပြေခဲ့လို့ အာမက်ကို ကျေးဇူးတင်ကြောင်း မန်ယူ နည်းပြ အမ်မိုရင်က ပြောသွားခဲ့ပါတယ်။

ဇန်နဝါရီ ၁၆ ရက်ညက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ မန်ယူ အသင်းဟာ အမှတ်ပေးဇယားအောက်ဆုံးက ဆောက်သမ်တန်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရပေမယ့် အာမက်ရဲ့ သွင်းဂိုးတွေ မရခင်အချိန်အထိ ဆောက်သမ်တန်အသင်းရဲ့ ဦးဆောင်တာကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တောင်ပံတိုက်စစ်မှူး အာမက်က ပွဲချိန် ၁၂ မိနစ်အတွင်းမှာပဲ သွင်းဂိုး ၃ ဂိုးဆက်တိုက် သွင်းယူခဲ့ပြီး မန်ယူ အသင်းကို ကယ်တင်ပေးခဲ့တာဖြစ်ပါတယ်။ အခုပွဲကို ရက်ကလစ်ဖ်လာကြည့်ခဲ့ပြီး ပွဲအပြီးမှာ မန်ယူနည်းပြ အမ်မိုရင်နဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဆောက်သမ်တန်ကို နိုင်တဲ့ပွဲအပြီးမှာ ရက်ကလစ်ဖ်နဲ့ အချိန်ခဏလောက် စကားပြောဆိုခဲ့ပြီး အာမက်ရဲ့ဂိုးတွေကြောင့် စကားပြောဆိုရာမှာ သက်သောင့်သက်သာနဲ့ ပြောနိုင်ခဲ့ပါတယ်လို့ နည်းပြ အမ်မိုရင်က ပြောသွားခဲ့ပါတယ်။အသက် ၂၂ နှစ်အရွယ် အာမက်ဟာ ပြီးခဲ့တဲတစ်ပတ်က မန်ယူအသင်းနဲ့ ၅ နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး နည်းပြအမ်မိုရင်လက်ထက် အသင်းရဲ့အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါ တယ်။