ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီက ဗယ်လာဒိုးလစ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ လူငယ်ကစားသမား အန်းဒရစ်ကို ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။
အန်းဒရစ်ဟာ ဗယ်လာဒိုးလစ်နဲ့ပွဲစဉ်ရဲ့ ပွဲချိန်(၈၆)မိနစ်မှာမှ လူစားဝင်ကစားခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းအတွက် တတိယမြောက်သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တာပါ။
အခုပွဲစဉ်မတိုင်ခင်မှာ ပွဲကစားချိန် သိပ်မရဘူးဆိုရင် ရီးရဲလ်မက်ဒရစ်အသင်းကနေ တခြားအသင်းကို အငှားနဲ့ ထွက်ကစားမယ်လို့ သတင်းထွက်ခဲ့ပေမယ့် အသင်းအတွက် ကစားခွင့်ရတဲ့အချိန်မှာတင် အန်းဒရစ်က ခြေစွမ်းပြ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပွဲစဉ်မှာ အန်းဒရစ်ရဲ့ကစားပုံက ကောင်းမွန်ခဲ့သလို အနာဂတ်မှာ တိုးတက် လာမယ်ဆိုတာကို သွင်းဂိုးနဲ့သက်သေပြနိုင်ခဲ့တယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ဗယ်လာဒိုးလစ်နဲ့ပွဲစဉ်မှာ (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာကြောင့် လာလီဂါ(၂)ပွဲ ကစားပြီးချိန်မှာ ရမှတ်(၄)မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာမှာ ရပ်တည်နေပါတယ်။