ကမ္ဘာ့အဆင့်-၁ ဟောင်း တိုက်ဂါးဝုဒ်ဟာ သားဖြစ်သူ ချာလီဝုဒ်နဲ့အတူ PNC ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ပြိုင်သွား မယ်လို့ အတည်ပြုခဲ့ပါတယ်။ အခုပြိုင်ပွဲက ပီဂျီအေတိုးပြိုင်ပွဲတစ်ခုမဟုတ်ပေမယ့် ကမ္ဘာကျော် ဂေါ့ဖ်အားကစား သမားတွေကို မိသားစုဝင်တွေနဲ့အတူ ယှဉ်ပြိုင်ဖို့အတွက် ပြုလုပ်ပေးတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက်နေ့ ကစပြီး အော်လန်ဒိုမြို့မှာ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာက နောက်ကျောဒဏ်ရာ ခွဲစိတ် ကုသမှုခံယူခဲ့ရတဲ့ တိုက်ဂါးဝုဒ်ဟာ ဇူလိုင်လထဲက ပြိုင်ပွဲတွေနဲ့ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။ တိုက်ဂါးဝုဒ် နဲ့ သားဖြစ်သူ ချာလီဝုဒ်တို့ဟာ ၃၆ ကျင်းကို ယှဉ်ပြိုင်ရမယ့် အခုပြိုင်ပွဲကို ၅ ကြိမ်မြောက်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး ၂၀၂၁ ခုနှစ်ပြိုင်ပွဲမှာ ဒုတိယရခဲ့သလို ပြီးခဲ့တဲ့နှစ်ပြိုင်ပွဲတုန်းကလည်း ပဥ္စမ နေရာမှာ ရပ်တည် နိုင်ခဲ့တာဖြစ်ပါတယ်။

အခုနှစ် PNC ချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း လက်ရှိကမ္ဘာ့အဆင့်ထိပ်တန်းမှာ ရပ်တည်နေတဲ့ ဂေါ့ဖ်သမားတွေက မိသားစုဝင်တွေနဲ့အတူ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။ ဂျာမနီ ဂန္ထဝင် ဂေါ့ဖ်သမား ဘားနက်လန်ဂါက သားဖြစ်သူ ဂျေဆင်နဲ့ ပြိုင်ပွဲဝင်မှာဖြစ်ပြီး သူတို့သားအဖက အခုနှစ်မှာ ချန်ပီယံဆု ကို ကာကွယ်ရမှာဖြစ်ပါတယ်။

ဖီဂျီနိုင်ငံသား ဗီဂျေဆင်းကတော့ သားဖြစ်သူ ကွက်စ်နဲ့ ပြိုင်ပွဲဝင်မှာ ဖြစ်သလို အမေရိကန်ဂေါ့ဖ်သမား ကော်ဒါက ဖခင်ဖြစ်သူ ပီတာနဲ့အတူ ပြိုင်ပွဲဝင်မှာဖြစ်တယ်လို့ သိရပါတယ်။