သူ့ရဲ့ကစားသမားဟောင်းတွေ အပါအဝင် ဝေဖန်သူတွေကြောင့် ဝေးလ်ရပ်ဂ်ဘီ လက်ရွေးစင်အသင်းနည်းပြ ရာထူးကနေ နုတ်ထွက်ခဲ့တာဖြစ်တယ်လို့ ဝါရင့်နည်းပြ ဂတ်လန်းက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က အီတလီအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ၆ နိုင်ငံဖလားပွဲစဉ်အပြီးမှာပဲ ဝေးလ်နည်းပြ ရာထူးကနေ ထွက်ခွာသွားခဲ့တာ ဖြစ်ပါ တယ်။

အီတလီကို ရှုံးနိမ့်မှုကြောင့် ဝေးလ်အသင်းဟာ ရပ်ဂ်ဘီကမ္ဘာ့အဆင့်ရပ်တည်မှုမှာ အနိမ့်ဆုံး ရပ်တည်မှု အဖြစ် အဆင့် ၁၂ ကို ကျဆင်းသွားခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း ဂတ်လန်းလက်အောက်မှာ ကစားခဲ့ဖူးတဲ့ ကစားသမားဟောင်းတွေအပါအဝင် ဝေဖန်သူတွေက အသက် ၆၁ နှစ်အရွယ် ဂတ်လန်းရဲ့ ကစားကွက်နဲ့ ဦးဆောင်နိုင်မှုကို ဝေဖန်ခဲ့ကြတာပါ။

အီတလီနဲ့ပွဲက အနိုင်ရဖို့ လိုအပ်တဲ့ပွဲဆိုတာ သိသလို အကောင်းဆုံးလည်း ပြင်ဆင်ခဲ့တာဖြစ်ပေမဲ့ တချို့ဝေဖန်မှုတွေက လက်မခံနိုင်စရာဖြစ်ခဲ့လို့ အခုလိုမျိုး ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဂတ်လန်းက ဖြေရှင်းသွားခဲ့ပါတယ်။ ဂတ်လန်းနဲ့ ဝေးလ် ရပ်ဂ်ဘီအဖွဲ့ချုပ်တို့ရဲ့ စာချုပ်က ၂၀၂၇ ရပ်ဂ်ဘီ ကမ္ဘာ့ဖလားအထိဖြစ်ပေမယ့် အီတလီအသင်းကို ရှုံးနိမ့်ပြီး ၃ ရက်အကြာမှာ နှစ်ဖက်သဘောတူ ဆွေးနွေးပြီး စာချုပ်ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။