အခုနှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ လက်စွမ်းကောင်းတွေ ပြသနေတဲ့ ချက်တင်းနစ်မယ် ကရက်ချ်စီကိုဗာဟာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း အနိုင်ရခဲ့ပြီးနောက် ဗိုလ်လုပွဲကို တက်သွားခဲ့ပါတယ်။
ကာဇက်စတန်တင်းနစ်မယ် ရိုင်ဘာကီနာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် မတိုင်ခင်အထိ ကရက်ချ်စီကိုဗာဟာ ပြိုင်ဘက်တွေကို ပွဲလတ်ရှုံးပွဲ လုံးဝမရှိခဲ့ပေမယ့် အခုဆီမီးဖိုင်နယ်မှာတော့ ပထမပွဲလတ်အရှုံးနဲ့ နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။
ဝင်ဘယ်ဒန်ချန်ပီယံဟောင်း ရိုင်ဘာကီနာကလည်း ဗိုလ်လုပွဲကို နောက်တစ်ကြိမ်တက်ခွင့်ရဖို့ အစွမ်းကုန် ပြင်ဆင် လာခဲ့ပေမယ့် နောက်ပိုင်းပွဲချိန်တွေမှာ အမှားအယွင်းတွေများခဲ့လို့ ကရက်ချ်စီကိုဗာက အမှတ်တွေရခဲ့တာပါ။
ပွဲကစားချိန် ၂ နာရီနဲ့ ၇ မိနစ်ကြာမြင့်ခဲ့ပြီးနောက် ကရက်ချ်စီကိုဗာက (၃း၆၊၆း၃၊၆း၄)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဝင်ဘယ်ဒန်ဗိုလ်လုပွဲအဆင့်ကို ပထမဆုံးအကြိမ် တက်ရောက်ခွင့် ရသွားခဲ့တာဖြစ်ပါတယ်။
ကရက်ချ်စီကိုဗာ ဟာ ဗိုလ်လုပွဲမှာ ဆီဒင်အဆင့် ၇ ရထားတဲ့ အီတလီတင်းနစ်မယ် ပါအိုလီနီနဲ့ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။
ပါအိုလီနီကတော့ ဆီမီးဖိုင်နယ်မှာ ခရိုအေးရှားတင်းနစ်မယ် ဗီကစ်နဲ့ ၃ နာရီနီးပါး အကြိတ်အနယ် ယှဉ်ပြိုင်ပြီး ဗိုလ်လုပွဲအဆင့်ကို တက်ရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။