ဝက်စ်ဟမ်းအသင်းဟာ နည်းပြလိုပီတီဂူနဲ့ လမ်းခွဲပြီးနောက် ဂရေဟမ်ပေါ်တာကို အသင်းရဲ့နည်းပြသစ်အဖြစ် ခန့်အပ်ဖို့အတွက် သဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။ အခုဘောလုံးရာသီမှာ ရလဒ်ပိုင်းဆိုးရွားနေခဲ့ပြီးနောက် ဝက်စ်ဟမ်းအသင်းဟာ အသင်းနဲ့အတူ (၆)လကြာ လက်တွဲခဲ့တဲ့ နည်းပြလိုပီတီဂူကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ပြီးခဲ့တဲ့စနေနေ့က ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ပွဲစဉ်မှာ (၄)ဂိုး၊ (၁)ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ဝက်စ်ဟမ်းအသင်းဟာ အခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲ(၂၀) ကစားပြီးချိန်မှာ (၉)ပွဲအထိ ရှုံးနိမ့်ခဲ့ရပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ နည်းပြဂရေဟမ်ပေါ်တာကို (၂)နှစ်ခွဲစာချုပ် ချုပ်ဆိုဖို့အတွက် သဘောတူညီမှုရခဲ့တာ ဖြစ်ပြီး မကြာခင်မှာ ပရိသတ်တွေကို တရားဝင်ကြေညာသွားမယ်လို့လည်း သိရပါတယ်။

နည်းပြဂရေဟမ်ပေါ်တာ ဟာ ဘရိုက်တန်နဲ့ ချယ်လ်ဆီးအသင်းတို့မှာ နည်းပြခဲ့ဖူးသူတစ်ယောက်ဖြစ်သလို ပရီးမီးယားလိဂ်အတွေ့အကြုံ ရှိတာကြောင့် အသင်းကိုအကောင်းဆုံးကိုင်တွယ်နိုင်လိမ့်မယ်လို့ ဝက်စ်ဟမ်းအသင်းက မျှော်လင့်နေပါတယ်။ အခုရာသီမှာ ရလဒ်ပိုင်းဆိုးရွားနေခဲ့တာကြောင့် ဝက်စ်ဟမ်းအသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၄)နေရာမှာ ရပ်တည်နေသလို တန်းဆင်းဇုန်နဲ့လည်း (၇)မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။