လာမယ့်တစ်ပတ်အတွင်း ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပမယ့် လေဗာဖလား အသင်းလိုက်တင်းနစ်ပြိုင်ပွဲကို ဝင်ပြိုင်တော့မှာမဟုတ်ဘူးလို့ စပိန်တင်းနစ်သမား နာဒယ်က အတည်ပြုလိုက်ပါတယ်။
ဥရောပအသင်းနဲ့ ကမ္ဘာ့ အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် လေဗာဖလား အသင်းလိုက်တင်းနစ်ပြိုင်ပွဲဟာ ပဲရစ်အိုလံပစ်နောက်ပိုင်း နာဒယ် ဝင်ပြိုင်မယ့် ပထမဆုံးပြိုင်ပွဲဖြစ်လာနိုင်သလို နာဒယ်ရဲ့ ကစားသမားဘဝနောက်ဆုံး လေဗာဖလားပွဲလည်း ဖြစ်လာနိုင်တယ်လို့ သုံးသပ်ခဲ့ကြတာပါ။

ဒါပေမဲ့ ကြံ့ခိုင်မှုပြဿနာတွေကြောင့် ပြိုင်ပွဲတွေ ယှဉ်ပြိုင်ဖို့ ခက်ခဲနေခဲ့ တာဖြစ်ပြီး ဘာလင်မှာ ကျင်းပမယ့် လေဗာဖလားပြိုင်ပွဲကိုလည်း လွဲချော်ရတော့မှာ ဖြစ်တယ်လို့ အသက် ၃၈ နှစ် အရွယ် နာဒယ်က ပြောခဲ့ပါတယ်။
ပြိုင်ပွဲနဲ့လွဲချော်ခဲ့ရပေမယ့် ဥရောပတင်းနစ်အသင်းကိုတော့ အားပေးသွားမှာ ဖြစ်တယ်လို့လည်း နာဒယ်က ပြောပါတယ်။
ဂရင်းစလမ်ချန်ပီယံဆုကို ၂၂ ကြိမ်အထိ ရရှိထားတဲ့ နာဒယ်ဟာ အခုနောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာပြဿနာတွေနဲ့အတူ ပြိုင်ပွဲတွေနဲ့လွဲချော်ခဲ့ရပြီး အခုနှစ်ကုန်ပိုင်းမှာ ကစားသမားဘဝကနေ အနားယူဖွယ်ရှိနေတာ ဖြစ်ပါတယ်။