လီဗာပူးအသင်းနဲ့ ရာသီအကုန်မှာ စာချုပ်ပြည့်တော့မယ့် နောက်ခံလူ ဗန်ဒိုက်က အသင်းသားတွေ၊ အသင်း ပရိသတ်တွေနဲ့ ချစ်ခင်တဲ့ ဆက်ဆံရေးရှိတယ်လို့ ဖွင့်ဟသွားခဲ့ပြီး အသင်းမှာ ဆက်ရှိနေမယ့် သဘောမျိုး ပြောကြားသွားခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဗန်ဒိုက်အပါအဝင် နောက်ခံလူ အာနိုးနဲ့ တိုက်စစ်မှူး ဆာလက်တို့ဟာ အခုနှစ်ဘောလုံးရာသီ အကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ပြည့်ကြမှာဖြစ်ပါတယ်။

ဒီကစားသမား ၃ ဦးစလုံးဟာ လာမယ့် ဇန်နဝါရီ ၁ ရက်ကစပြီး တခြားအသင်းတွေနဲ့ စကားပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗန်ဒိုက် ကတော့ လီဗာပူးအသင်းနဲ့ ကောင်းမွန်တဲ့ အပြန်အလှန် ဆက်ဆံရေး တွေရှိထားပြီး ဒါကအောင်မြင်မှုအတွက် အရေးပါတဲ့အရာဖြစ်ပါတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့တာပါ။ အနာဂတ်ကို ကြိုမမြင်နိုင်ပေမဲ့ အဆင့်မြင့်ပြိုင်ပွဲတွေမှာ နောက်ထပ် ၃၊၄ နှစ်လောက် ကစားနိုင်ဦးမယ်လို့ ယုံကြည်ကြောင်း ဗန်ဒိုက်က ပြောခဲ့ တာကြောင့် လီဗာပူးအသင်းမှာပဲ ဆက်နေဖို့ ဆန္ဒရှိနေတယ်ဆိုတာကို ဖွင့်ဟလိုက်တာဖြစ်တယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။

သတင်းတွေအရတော့ လီဗာပူးအသင်းဟာ အဓိက ကစားသမား ၃ ယောက်ဖြစ်တဲ့ ဗန်ဒိုက်၊ အာနိုးနဲ့ ဆာလက်တို့ကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့အရေး အားကစားဒါရိုက်တာ ရစ်ချတ်ဟုချ် ဦးဆောင်ပြီး ကြိုးစား နေတယ်လို့ သိရပါတယ်။