လာလီဂါ ဒုတိယရာသီဝက်အတွက် ကစားသမားစာရင်း မှတ်ပုံတင်ရာမှာ ကွင်းလယ်လူတွေဖြစ်ကြတဲ့ အိုလ်မိုနဲ့ ဗစ်တာတို့ကို မှတ်ပုံမတင်နိုင်ခဲ့တဲ့အတွက် အသင်းဥက္ကဋ္ဌလာပေါ်တာကို ရာထူးကနုတ်ထွက်ဖို့ ပရိသတ်တွေဆီက တောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ပရိသတ်တွေဟာ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေအပေါ် စိတ်ပျက်နေကြသလို အခုလိုလုပ်ဆောင်ရာမှာ လိုအပ်ချက်တွေရှိနေခဲ့တဲ့ လာပေါ်တာကိုလည်း စိတ်ပျက်နေကြ တာပါ။ လာပေါ်တာဟာ ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌအဖြစ် (၂၀၂၆)ခုနှစ်အထိ တာဝန်ယူသွားရမှာဖြစ်ပေမယ့် အသင်းကို အားပေးတဲ့ အဖွဲ့အစည်း(၁၀)ဖွဲ့က ရာထူးကနေ နုတ်ထွက်ဖို့အတွက် အခုလိုတောင်းဆိုသွားခဲ့ကြတာ ဖြစ်ပါတယ်။

လာပေါ်တာအနေနဲ့ ရာထူးကနေနုတ်ထွက်မပေးဘူးဆိုရင် (၂၀၂၆)ခုနှစ်မှာ ပြုလုပ်မဲ့ အသင်းဥက္ကဋ္ဌ ရွေးချယ်ပွဲမှာ ဒီအဖွဲ့အစည်း(၁၀)ဖွဲ့ဆီက ထောက်ခံမဲရရှိမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။ ဘာစီလိုနာအသင်းဟာ အခုရာသီလာလီဂါ(၁၉)ပွဲကစားပြီးချိန်မှာ ရမှတ်(၃၈)မှတ်ရရှိထားခဲ့ပြီး အမှတ်ပေး ဇယားရဲ့ အဆင့်(၃)နေရာမှာ ရပ်တည်နေရသလို အသင်းရဲ့ စီမံခန့်ခွဲမှုတွေကလည်း ပရိသတ်တွေကြား စိတ်ပျက်စရာ ဖြစ်နေခဲ့ရပါတယ်။