ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းဟာ နာပိုလီအသင်းကနေ တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူဖို့အတွက် သဘောတူညီမှုရထားတဲ့ လင်းစထရောင်းကို ဇူလိုင်လ(၂၆)ရက်နေ့မှာ ပရိသတ်တွေနဲ့ တရားဝင်မိတ်ဆက်သွားခဲ့ပါတယ်။
အခုဘောလုံးရာသီမှာ အသင်းရဲ့အဓိက ကစားသမားတချို့ကို ရောင်းချထားခဲ့တဲ့ အဲဗာတန်အသင်းဟာ အသင်းရဲ့တတိယမြောက် လူခေါ်ယူမှုအဖြစ် နာပိုလီတောင်ပံကစားသမား လင်းစထရောင်းကို တစ်ရာသီစာအငှား စာချုပ်နဲ့ခေါ်ယူနိုင်ခဲ့တာပါ။

အဲဗာတန်အသင်းကို ပြောင်းရွှေ့ပြီး ပရီးမီးယားလိဂ်မှာကစားရမှာက စိတ်လှုပ်ရှားဖို့ကောင်းသလို နည်းပြရှောင်ဒိုက်ရဲ့အစီအစဉ်တွေကို သဘောကျတာကြောင့် အခုလိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တာလို့ လင်စထရောင်းက ပြောပါတယ်။
အဲဗာတန်အသင်းဟာ အသက်(၂၄)နှစ်အရွယ် လင်းစထရောင်းကို တစ်ရာသီ အငှားနဲ့ခေါ်ယူခဲ့ရာမှာ ခြေစွမ်းကိုကြိုက်နှစ်သက်တယ်ဆိုရင် ရာသီကုန်မှာအပြီးသတ်ခေါ်ခွင့်ကိုလည်း စာချုပ်ထဲ ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။