ဖိလစ်ပိုင်နိုင်ငံရဲ့ အထင်ကရ လက်ဝှေ့ကစားသမား ပက်ကွီအိုကို နိုင်ငံတကာ လက်ဝှေ့ ဂုဏ်ထူးဆောင်ခန်းမမှာ ထည့်သွင်းဖို့ ရွေးချယ်လိုက်တယ်လို့ ဒီဇင်ဘာ ၅ ရက်နေ့က အတည်ပြုလိုက်ပါတယ်။

ပက်ကွီအိုဟာ လက်ဝှေ့ အားကစားသမိုင်းမှာ ထိပ်တန်းကစားသမားတစ်ယောက်အဖြစ် သတ်မှတ်တာခံထားရပြီး ဖလိုက်ဖ်ဝိတ်တန်း ကနေ စူပါဝယ်သာဝိတ်တန်းအထိ ဝိတ်တန်း ၈ ခုမှာ ချန်ပီယံဆုတွေကို စံချိန်တင်အဖြစ် ရယူထား နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကစားသမားဘဝ ၇၂ ပွဲထိုးသတ်ခဲ့ရာမှာ ၆၂ ပွဲနိုင် ၂ ပွဲသရေနဲ့ ၈ ပွဲရှုံး မှတ်တမ်းရရှိထားတဲ့ ပက်ကွီအို ဟာ ၂၀၂၁ ခုနှစ်မှာ လက်ဝှေ့အားကစားကနေ အနားယူသွားခဲ့တာ ဖြစ်ပါတယ်။

ကစားသမားဘဝက အနားယူပြီး နောက် ပက်ကွီအိုဟာ ဖိလစ်ပိုင် နိုင်ငံရေးလောကထဲကို ဝင်ရောက်ခဲ့ပြီး အထက်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ၂၀၂၂ မှာ သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပက်ကွီအိုဟာ လူမှုပြင်ပဘဝမှာလည်း နာမည်ကောင်းတွေ စိုက်ထူထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ နာမည်ကျော် တိုင်းမ် မဂ္ဂဇင်းရဲ့ ၂၀၀၉ ခုနှစ်အတွက် ဩဇာအရှိဆုံး အယောက် ၁၀၀ စာရင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ ပက်ကွီအိုဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ စာပို့တံဆိပ်ခေါင်းမှာ ပါဝင်ခွင့်ရတဲ့ ပထမဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ထား ပါတယ်။

အခုလိုမျိုး လက်ဝှေ့ဂုဏ်ထူးဆောင်ခန်းမမှာ ပါဝင်ခွင့်ရတာက ဝမ်းသာစရာ ဖြစ်သလို အံ့အားသင့်စရာ ကောင်းတဲ့ ခရစ္စမတ် လက်ဆောင် ဖြစ်ခဲ့ပါတယ်လို့ အသက် ၄၅ နှစ်အရွယ် ပက်ကွီအိုက ပြောသွားခဲ့ပါတယ်။