ယူအက်စ်အိုးပင်းပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ကိုကိုဂတ်ဖ်ဟာ စတုတ္ထအဆင့်မှာ ပြိုင်ဘက် နာဗားရိုးကို ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံဆု ကာကွယ်ခွင့်ကို လက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။
အမေရိကန်တင်းနစ်မယ် နာဗားရိုးအတွက်ကတော့ အခုနှစ်အတွင်း ဂရင်းစလမ်ပြိုင်ပွဲတွေမှာ ကိုကိုဂတ်ဖ်ကို ဒုတိယအကြိမ်မြောက် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။
စက်တင်ဘာ ၁ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ကိုကိုဂတ်ဖ်နဲ့ နာဗားရိုးတို့ စတုတ္ထအဆင့်ပွဲစဉ်က အကြိတ်အနယ်ရှိခဲ့ပြီး ကိုကိုဂတ်ဖ်ဟာ ဖိအားတွေအောက်မှာ ပုံမှန်လက်စွမ်းရဖို့ တော်တော်လေး ကြိုးစားသွားခဲ့ရပါတယ်။
ဝင်ဘယ်ဒန် ပြိုင်ပွဲ စတုတ္ထအဆင့်တုန်းက နာဗားရိုးကို ရှုံးနိမ့်ခဲ့ရတဲ့အတွက် အခုပွဲမှာ ကိုကိုဂတ်ဖ်က လက်စားချေဖို့ ပြင်ဆင် လာခဲ့ပေမယ့် ဆီဒင်အဆင့် ၁၃ ရထားတဲ့ နာဗားရိုးက ပွဲကြည့်ပရိသတ်တွေ အံ့အားသင့်စေမယ့် စွမ်းဆောင်မှုကို ပြသသွားခဲ့တာပါ။
နာဗားရိုးရဲ့ ဖိအားပေးမှုတွေအောက်မှာ ဆီဒင်အဆင့် ၃ ရထားတဲ့ အသက် ၂၀ အရွယ် ကိုကို ဂတ်ဖ် အမှားတွေများခဲ့ပြီး ပြိုင်ဘက်ကို အမှတ်တွေ အလွယ်တကူပေးခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ နာဗားရိုးက (၆း၃၊၄း၆၊၆း၃)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်သွားခဲ့ပါတယ်။ နာဗားရိုးဟာ ကွာတား ဖိုင်နယ်မှာ စပိန်တင်းနစ်မယ် ဘာဒိုဆာနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။