အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတိုက်စစ်မှူး အလက်ဇန်ဒရာ ပေါ့ပ်ဟာ လက်ရွေးစင်ကစားသမားအဖြစ်ကနေ အနားယူသွားတော့မှာဖြစ်တယ်လို့ ဂျာမနီဘောလုံးအဖွဲ့ချုပ်က အတည်ပြုလိုက်ပါတယ်။
ဂျာမနီအသင်း ခေါင်းဆောင် အလက်ဇန်ဒရာ ပေါ့ပ်အနေနဲ့ လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးပွဲအဖြစ် အောက်တိုဘာ ၂၈ ရက်မှာ ဩစတြီးယားအသင်းနဲ့ ပွဲကို ကစားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဂျာမနီလက်ရွေးစင်သက်တမ်း ၁၄ နှစ်ကျော်ရှိတဲ့ ပေါ့ပ်ဟာ နိုင်ငံအသင်းနဲ့အတူ ယူရိုပြိုင်ပွဲ၊ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ အိုလံပစ်ပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတာလည်း ဖြစ်ပါတယ်။
သူမဟာ ဂျာမနီလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၄၄ ပွဲ ကစားပေးထား ပြီး ၆၇ ဂိုး သွင်းယူပေးထားခဲ့တာပါ။
အခုလိုလက်ရွေးစင်ကစားသမားဘဝကနေ အနားယူလိုက်ပေမယ့် ပေါ့ပ်ဟာ ဂျာမနီကလပ် ဝုဖ်ဘတ် အမျိုးသမီးအသင်းနဲ့အတူ ကလပ်အသင်းကစားသမားဘဝအဖြစ် ဆက်လက် ယှဉ်ပြိုင် နေဦးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဂျာမနီအသင်းနဲ့ အမျိုးသမီးကမ္ဘာ့ဖလား ၄ ကြိမ်ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပေါ့ပ်ဟာ ၂၀၁၆ ရီယိုအိုလံပစ်မှာ ဂျာမနီအသင်းနဲ့အတူ ရွှေတံဆိပ်ရရှိခဲ့ဖူးသူလည်း ဖြစ်ပါတယ်။