ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမနီတိုက်စစ်မှူး မူလာက ယူရို(၂၀၂၄)ပြိုင်ပွဲက ထွက်ခွာခဲ့ရအပြီးမှာ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူတော့မယ်လို့ ဇူလိုင်လ(၁၅)ရက်နေ့က တရားဝင်ကြေညာခဲ့ပါတယ်။
အသက် (၃၄)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မူလာဟာ ဂျာမနီအသင်းနဲ့အတူ ယူရိုပြိုင်ပွဲကနေ ထွက်ခဲ့ရအပြီးမှာ အခုပြိုင်ပွဲက လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲ ဖြစ်လာနိုင်တယ်လို့ပြောခဲ့သလို အခုချိန်မှာလည်း အနားယူတော့ မယ်လို့ တရားဝင် အတည်ပြုလာခဲ့တာပါ။

မူလာဟာ ဂျာမနီလက်ရွေးစင်ကစားသမားအဖြစ် (၁၄)နှစ်ကြာ ကစား ပေးခဲ့သူဖြစ်ပြီး ယူရို(၂၀၂၄)ပြိုင်ပွဲက သူ့ရဲ့လက်ရွေးစင်ဘဝ ဂျာမနီအသင်းအတွက် (၈)ခုမြောက် အဓိကပြိုင်ပွဲကြီး ဖြစ်သလို နောက်ဆုံးပြိုင်ပွဲလည်း ဖြစ်လာခဲ့ရပါတယ်။
ဂျာမနီအသင်းသမိုင်းမှာ တတိယမြောက် ပွဲကစားခွင့် အများဆုံး ကစားသမားလည်းဖြစ်တဲ့ မူလာဟာ လက်ရွေးစင်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၁၃၁)ပွဲအထိ ကစားပေးခဲ့ပြီး (၄၅)ဂိုးသွင်းယူကာ (၄၂)ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။