ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမနီတိုက်စစ်မှူး မူလာက ယူရို (၂၀၂၄) ပြိုင်ပွဲက ထွက်ခွာခဲ့ရအပြီးမှာ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်တယ်လို့ ဂျာမနီအခြေစိုက်သတင်းတွေက ဖော်ပြလာခဲ့ကြပါတယ်။
အသက်(၃၄)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မူလာဟာ ဂျာမနီအသင်းနဲ့အတူ ယူရိုပြိုင်ပွဲကနေ ထွက်ခွာခဲ့ရအပြီးမှာ အခု ပြိုင်ပွဲက သူ့ရဲ့နောက်ဆုံးပြိုင်ပွဲဖြစ်လာနိုင်တယ်လို့ ပြောခဲ့တာကြောင့်လည်း သတင်းတွေက ထွက်ပေါ်လာခဲ့တာပါ။
ဒီသတင်းနဲ့ပတ်သက်ပြီး ကစားသမားနဲ့ ဂျာမနီလက်ရွေးစင်အသင်းတို့က အတည်ပြုပြောကြားထားတာမျိုး မရှိသေးပေမယ့်လည်း သတင်းတွေကတော့ အခုအချိန်မှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
မူလာဟာ ဂျာမနီလက်ရွေးစင် ကစားသမားဘဝအဖြစ် (၁၄)နှစ်ကြာ ဖြတ်သန်းခဲ့ပြီး ပွဲပေါင်း(၁၃၁)ပွဲအထိ ကစားပေးခဲ့တာကြောင့်လည်း အသင်းသမိုင်းမှာ ပွဲထွက်ခွင့် တတိယမြောက် အများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။
(၂၀၁၄)ကမ္ဘာ့ဖလားပြိုင်ပွဲကို ဂျာမနီအသင်းနဲ့အတူ ရယူနိုင်ခဲ့တဲ့ မူလာဟာ လက်ရွေးစင် ကစားသမားဘဝမှာ အသင်းအတွက် (၄၅) ဂိုးသွင်းယူကာ (၄၂) ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။