အယ်အစ်တီဟတ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီးမားက (၂၀၂၄)ရွှေဘောလုံးဆုရှင်အဖြစ် ရီးရဲလ်အသင်းဖော်ဟောင်း ဗီနီစီးယက်စ်ကို ထောက်ခံသွားခဲ့ပါတယ်။
ဘရာဇီးအသင်းနဲ့အတူ (၂၀၂၄)ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရပေမယ့် ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ရီးရဲလ်အသင်းမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တာပါ။
ဒါ့ကြောင့် ရီးရဲလ်အသင်းဖော် ဘယ်လင်ဟမ်၊ မန်စီးတီးကွင်းလယ်လူ ရိုဒရီတို့နဲ့ အတူ (၂၀၂၄)ရွှေဘောလုံးဆုအတွက် ဗီနီစီးယက်စ်က ရေပန်းစားနေခဲ့တာဖြစ်ပါတယ်။

လူငယ်ကစား သမားဖြစ်ပေမယ့် အသင်းနဲ့အတူ ခြေစွမ်းပြနေတာက ချီးကျူးရမှာဖြစ်သလို ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့ဘောလုံး ရာသီတွေကတည်းက အသင်းအတွက် ခြေစွမ်းပြခဲ့တာကြောင့် ရွှေဘောလုံးဆုနဲ့ထိုက်တန်တယ်လို့ ဘန်ဇီးမားက ထောက်ခံသွားခဲ့တာပါ။
ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံ(၃၉)ပွဲ ကစားခဲ့ပြီး (၂၄)ဂိုးသွင်းယူကာ (၉)ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။